■ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံတွင် ကျင်းပခဲ့သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံသို့ ယနေ့(မေ ၁၀ ရက်) အပြန်ခရီးတွင် အထူးလေယာဉ်ပေါ်၌ မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားမှုများအား ဖော်ပြအပ်ပါသည်။
■ "ပါတီစုံဒီမိုကရေစီစနစ်ကို သွားဖို့အတွက် ကျွန်တော် လက်ခံပါတယ်။ ဒီအတိုင်း ကျွန်တော် သွားဖို့ဖြစ်ပါတယ်။ ဒါပြီးလို့ရှိရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ဒီနှစ်ကုန်ပိုင်းမှာ ကျွန်တော် ဆောင်ရွက်မယ်ဆိုတဲ့အကြောင်းကိုလည်း ကျွန်တော် သူတို့ကို ရှင်းပြပါတယ်" နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
မေး။ ။ ဗိုလ်ချုပ်မှူးကြီး၊ မတ် ၃ ရက်ကနေ ၉ ရက်အထိ သွားရောက်ခဲ့တဲ့ မြန်မာ-ရုရှား ချစ်ကြည်ရေးခရီးစဉ်အတွင်းမှာ ရရှိခဲ့တဲ့ ဆွေးနွေးညှိနှိုင်းမှု ရလဒ်များက မြန်မာနိုင်ငံအတွက် များစွာ အကျိုးရှိခဲ့ပါတယ်။ ယခု မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့တဲ့ ခရီးစဉ်မှာလည်း နိုင်ငံအတွက် ဘယ်လို အကျိုးရလဒ်တွေ ရရှိခဲ့သလဲဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ ဒီအခမ်းအနားကတော့ ရုရှားပြည်သူတွေက တော်တော်ကို တန်ဖိုးလည်းထားတယ်။ ဂုဏ်လည်းယူကြတယ်။ ဆိုဗီယက်ပြည်ထောင်စုကြီးကို လာပြီး ကျူးကျော်တိုက်ခိုက်တဲ့ ဖက်စစ်နာဇီတွေ အပေါ်မှာ သူတို့ လူ ၂၆ သန်းကျော် အသေခံပြီးတော့မှ ပြန်ပြီး ရုရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာ ပြန်လည်ရရှိဖို့အတွက် တိုက်ခိုက်ခဲ့တာပေါ့။ ဒါကြောင့် သူတို့လည်း သိပ်တန်ဖိုးထားပါတယ်။ ဒါ ကျွန်တော် အလေးထားရမယ့်ကိစ္စပေါ့။ မြန်မာနိုင်ငံလည်း ဖက်စစ်တော်လှန်ရေး သမိုင်းကြောင်းလည်း ရှိခဲ့တယ်။ တပ်မတော်နဲ့ ပြည်သူ ပေါင်းပြီးတော့မှ လွတ်လပ်ရေးရအောင်လည်း တိုက်ခိုက်ခဲ့တဲ့ သမိုင်းကြောင်းလည်း ရှိတယ်။ သမိုင်းကောင်း၊ တကယ်ခိုင်မာတဲ့ သမိုင်းကြောင်းပါ။ ဒါကြောင့် ဒါကလည်း ကျွန်တော်တို့အနေနဲ့ ဒီဟာကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ နောက်တစ်ခုက နိုင်ငံတော်ကာကွယ်ရေး အင်အားရှိရင်ပေါ့၊ တပ်မတော်က အင်အားရှိလို့ရှိရင် တိုင်းပြည်က အင်အားရှိမယ်ဆိုတဲ့ဟာကတော့ ပေါ်လွင်ပါတယ်။ ပြည်သူအားလုံးကိုလည်း နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်တွေ ဒီထက်ပိုပြီးတော့မှ ရှိအောင် ဆောင်ရွက်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှသာ ပြည်သူအားလုံးကလည်း မြန်မာနိုငငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုရှိအောင် ဆောင်ရွက်နိုင်မယ်ဆိုတာလည်း ဒါ ကျွန်တော် တွေ့ပါတယ်။
မေး။ ။ ခရီးစဉ်အတွင်းမှာ စစ်ရေးပြအခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံ့ခေါင်းဆောင်များနဲ့လည်း တွေ့ဆုံခဲ့တာကို တွေ့ရပါတယ်။ ဘာထူးခြားမှုများ ရှိပါသလဲ။
ဖြေ။ ။ နိုင်ငံ့ခေါင်းဆောင်တစ်ချို့နဲ့ အလွတ်သဘော တွေ့ဆုံတာလည်းရှိသလို ကျွန်တော် တွေ့ဆုံဆွေးနွေးနိုင်မှုလည်း ရခဲ့ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံကနေပြီးတော့မှ ကျွန်တော်ရဲ့ သဘောထားပေါ့၊ ကျွန်တော်ကတော့ ပါတီစုံဒီမိုကရေစီစနစ်ကို သွားဖို့အတွက် ကျွန်တော် လက်ခံပါတယ်။ ဒီအတိုင်း ကျွန်တော် သွားဖို့ဖြစ်ပါတယ်။ ဒါပြီးလို့ရှိရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ဒီနှစ်ကုန်ပိုင်းမှာ ကျွန်တော် ဆောင်ရွက်မယ်ဆိုတဲ့အကြောင်းကိုလည်း ကျွန်တော် သူတို့ကို ရှင်းပြပါတယ်။ ဆွေးနွေးတဲ့လူတွေကတော့ အားလုံးလည်း လက်ခံပြီးတော့မှ အားပေးထောက်ခံမှု ရှိတာကိုလည်း ကျွန်တော် တွေ့ရပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေတွေလည်း တစ်ချို့နိုင်ငံတွေလည်း ရှင်းပြနိုင်ပြီးတော့ တစ်ချို့နိုင်ငံတွေကလည်း မိတ်ဆက်တွေ့ဆုံရတာပေါ့။ ကောင်းပါတယ်၊ အားလုံးတွေ့ရတာ အားလုံးကောင်းပါတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။
မေး။ ။ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တာကို တွေ့ရပါတယ်။ ဒီတွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဘာများ ပြောလိုပါသလဲ။
ဖြေ။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကတော့ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ မဟာဗျူဟာ မိတ်ဖတ်နိုင်ငံတစ်ခုလည်း ဖြစ်တယ်။ နောက်ခွဲခြားလို့မရတဲ့ အိမ်နီးချင်းနိုင်ငံတွေလည်း ဖြစ်ပါတယ်။ နောက်တစ်ခါ သံတမန်ဆက်ဆံရေးကလည်း အခုဆိုရင် ၇၅ နှစ်ကျော်ကာလကို ရောက်ပြီဖြစ်ပါတယ်။ ဒါကြောင့် ထူးခြားတဲ့ ဆက်ဆံရေးရှိတဲ့နိုင်ငံတစ်ခုလို့ ကျွန်တော် ပြောချင်ပါတယ်။ သမ္မတကြီးကတော့ မန္တလေးငလျင်နဲ့ပတ်သက်ပြီးတော့ ပြည်သူတွေ အသက်ဆုံးရှုံးမှုနဲ့ ထိခိုက်ဆုံးရှုံးမှုများအတွက်လည်း စိတ်မကောင်းတဲ့ အကြောင်း နှုတ်ကလည်း ထုတ်ပြောတယ်။ ပြီးရင် ဖြစ်ပြီးတဲ့အချိန်မှာလည်း ကျွန်တော်ဆီကိုလည်း သဝဏ်လွှာ သူ ပို့ပါတယ်။ ဒီ ငလျင်နဲ့ပတ်သက်ပြီးတော့ ပြန်လည်တည်ဆောက်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ဆက်လက်ကူညီဆောင်ရွက်ပေးမယ်ဆိုတာလည်း သူ ဒါလည်း အလေးအနက်ထားပြီး သူပြောပါတယ်။ မြန်မာနိုငငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ နောက်ပြီးတော့ နယ်မြေပိုင်ဆိုင်မှု၊ နောက် ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီးတော့လည်း ခိုင်မာစွာ ထောက်ခံတဲ့အကြောင်းလည်း သူ ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အပေါ်မှာလည်း အားပေးတဲ့အကြောင်း သူ ကျွန်တော်တို့ကိုတော့ ပြောပါတယ်။
ကျွန်တော်အနေနဲ့လည်း OBOR လမ်းကြောင်းအပေါ်မှာလည်း ခိုင်ခိုင်မာမာ ရပ်တည်တဲ့အကြောင်း၊ နောက်တစ်ခါ မြန်မာနိုင်ငံကနေပြီးတော့ တက်ကြွစွာ ပါဝင်ဆောင်ရွက်မယ်ဆိုတဲ့အကြောင်း ကျွန်တော် ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံက ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေတွေလည်း အကြမ်းဖျင်း ကျွန်တော် ရှင်းပြနိုင်ခဲ့ပါတယ်။ နောက်တစ်ခုက တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံနဲ့ အကောင်အထည်ဖော် မြှင့်တင်ရေးနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော် ဆွေးနွေးဖြစ်ခဲ့ပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒါ သမ္မတကြီးကပေါ့ဗျာ၊ မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ကျွန်တော်တို့ရဲ့ ကြိုတင်ပြင်ဆင်မှုများနဲ့ ရွေးကောက်ပွဲကိုလည်း အားပေးထောက်ခံတဲ့အကြောင်း သူ ဒါလေး ထပ်ပြီး ပြောပါတယ်။ တွေ့ဆုံဆွေးနွေးရတာလည်း ကောင်းမွန်တဲ့ ရလဒ်ကောင်းတွေ ရရှိတယ်ဆိုတာလည်း ကျွန်တော် ပြောချင်ပါတယ်။









