မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ခင်ပွန်းဖြစ်သူကို သတ်ဖြတ်ရန် စေခိုင်းသည့်ဇနီးနှင့် ပူပေါင်းလုပ်ကြံသူလင်ငယ်အား ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ခင်ပွန်းဖြစ်သူကို သတ်ဖြတ်ရန် စေခိုင်းသည့်ဇနီးနှင့် ပူပေါင်းလုပ်ကြံသူလင်ငယ်အား ဖမ်းဆီးရမိ
Published 1 May 2025

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ဧပြီ ၂၇ ရက်က ဖြစ်ပွားခဲ့သည့် ခင်ပွန်းဖြစ်သူအား ဇနီးဖြစ်သူမှ ၎င်းနှင့်လူမှုရေးဖောက်ပြန်နေသည့် အမျိုးသားနှင့်ပူးပေါင်း၍ လုပ်ကြံသတ်ဖြတ်ခဲ့မှုအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဧပြီ ၂၇ ရက် နံနက် ၁၁ နာရီတွင် မဟာအောင်မြေမြို့နယ်၊ စိန်ပန်း ရပ်ကွက်၊ ၃၇x၃၈လမ်းကြား၊ သင်္ဂဇာပတ်လမ်း(အနောက်)ရှိ Happy Like လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဖြစ်သူ ဦးအောင်နေမျိုး(၅၀)နှစ်သည် လက်ဖက်ရည်ဆိုင် အိပ်ခန်းအတွင်း ကျည်ထိမှန်ဒဏ်ရာများဖြင့် အသတ်ခံထားရကြောင်း ၎င်း၏ဇနီးဖြစ်သူ ဒေါ်ရွှေစင်ဝင်း၏ ဖုန်းဆက်အကြောင်းကြားချက် အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဦးအောင်နေမျိုးအား လက်ဖက်ရည်ဆိုင် အိပ်ခန်းအတွင်း ကုတင်ပေါ်၌ ယာနားထင်မှ ကျည်ဖောက်ဝင်ပြီး ဝဲနားထင်ကျည်ဖောက်ထွက် ဒဏ်ရာ တစ်ချက်၊ ဝမ်းဗိုက်၌ ထိုးသွင်းဒဏ်ရာ နှစ်ချက်တို့ဖြင့် သေဆုံးနေပြီး အခင်းဖြစ်နေရာမှ Thai Arms 9mm စာတန်းပါ ကျည်ခွံ တစ်ခု သိမ်းဆည်းရရှိခဲ့သဖြင့် ပြစ်မှုကျူးလွန်သူ တရားခံအား ဖော်ထုတ်ဖမ်းဆီးရရှိနိုင်ရေး အမှတ်(၇)နယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်စုံစမ်းခဲ့ကြောင်း သိရသည်။

အမှုမှပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် အထူးအမှုစစ်အဖွဲ့ ဖွဲ့၍ အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊ သက်သေများစစ်ဆေးခြင်း၊ မသင်္ကာတရားခံများ စုံစမ်းရှာဖွေခြင်းများအား ဆောင်ရွက်ခဲ့ရာ သေဆုံးသူ ဦးအောင်နေမျိုး၏ ဇနီး ဒေါ်ရွှေစင်ဝင်းမှာ မသင်္ကာဖွယ် အမူအယာပျက်ယွင်းနေသဖြင့် ၎င်းအား အသေးစိတ်စစ်ဆေးခဲ့ရာ ခင်ပွန်းဖြစ်သူမှာ ၎င်းအား အမျိုးမျိုးညှင်းပန်းနှိပ်စက်သည့်အပြင် အတူနေ၎င်း၏ ညီအစ်ကိုမောင် နှမများအား နေအိမ်မှ အကြိမ်ကြိမ်မောင်းချသဖြင့် စိတ်နာကျည်းခဲ့ကြောင်း၊ လွန်ခဲ့သော(၁)နှစ်ကျော်က Tik Tok အသုံးပြုရာမှ ၎င်းနှင့် ချစ်ကြိုက်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာဈေးအတွင်း ကုန်စိမ်းရောင်းချသူ ကိုဇော်ဖြိုးအောင် (၃၃)နှစ်အား မန္တလေးမြို့သို့ ခေါ်ဆောင်၍ အတူနေထိုင်ခဲ့ကြောင်း၊ လွန်ခဲ့သော တစ်လကျော်မှစတင်၍ မန္တလေးမြို့သို့ ကိုဇော်ဖြိုးအောင် ရောက်ရှိလာသည့်အခါ ၎င်းတို့ ၂ ဦး အတူနေထိုင်ရန်အတွက် အောင်မြေသာစံ မြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ အုတ်စက်ရပ်၊ အကွက်(၁၃)ရှိ အဆောင် ၁ ဆောင်အား ငှားရမ်းပေးခဲ့ကြောင်း၊ ဒေါ်ရွှေစင်ဝင်းက ၎င်းအား ညှင်းပန်းနှိပ်စက်နေသည့် ခင်ပွန်းဖြစ်သူအား လုပ်ကြံ သတ်ဖြတ်ပေးရန် ကိုဇော်ဖြိုးအောင်အား လွန်ခဲ့သော ရက်အနည်းငယ်က ဖုန်းဖြင့် ဆက်သွယ် ပြောဆိုတိုင်ပင်ခဲ့ကြသည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

ဧပြီ ၂၅ ရက် ညနေ ၆ နာရီခန့်တွင် ဇော်ဖြိုးအောင်မှာ ရန်ကုန်မြို့မှ မန္တလေးမြို့ သို့ ပြန်လည်ရောက်ရှိချိန်တွင် ၎င်းမှ ခင်ပွန်းဖြစ်သူအား လုပ်ကြံသတ်ဖြတ်ရန်အတွက် လာရောက်ရမည့်အချိန်နှင့် ခင်ပွန်းဖြစ်သူအိပ်သည့်နေရာတို့အား အသေးစိတ်ထပ်မံ ရှင်းလင်းပြောပြခဲ့ကြောင်း၊ ဧပြီ ၂၇ ရက် နံနက်ပိုင်းတွင် ကိုဇော်ဖြိုးအောင်မှ ဦးအောင်နေမျိုး အိပ်သည့်အခန်းအတွင်း ဝင်ရောက်ကာ သေနတ်ဖြင့်လုပ်ကြံပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် ကိုဇော်ဖြိုးအောင် နေထိုင်ရန် ၎င်းငှားရမ်းပေးထားသည့် အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ အုက်စက်ရပ်၊ အကွက်(၁၃)ရှိ အဆောင်အား ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါအခန်းအတွင်းမှ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် SIGSAUER အမျိုးအစား 9mm ပစ္စတိုသေနတ် တစ်လက်၊ ကျည်အိမ် နှစ်ခု၊ ၎င်းကျည် ၂၈ တောင့်နှင့် Scoopy ဆိုင်ကယ် တစ်စီး တို့အား သိမ်းဆည်းရမိခဲ့ကြာင်း သိရသည်။

ပြစ်မှုကျူးလွန်သူ ကိုဇော်ဖြိုးအောင်မှာ ၎င်း၏ဇာတိဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ မော်ကျွန်းမြို့နယ်၊ တံခွန်တိုင်ကျုံဝါးကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း ထပ်မံစုံစမ်း ဖော်ထုတ်သိရှိရသဖြင့် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ မေ ၁ ရက်နေ့ နံနက်ပိုင်းတွင် ကိုဇော်ဖြိုးအောင်(၃၃)နှစ် (ဘ)ဦးစံမြင့်အား တံခွန်တိုင်ကျုံဝါးကျေးရွာ၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ခင်ပွန်းဖြစ်သူအား ဇနီးဖြစ်သူမှ ၎င်းနှင့်လူမှုရေးဖောက်ပြန်နေသည့် အမျိုးသားနှင့် ပူးပေါင်းကာ လုပ်ကြံသတ်ဖြတ်၍ လိမ်လည်သတင်းပေးတိုင်တန်းခဲ့မှုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီး ဖမ်းဆီးရမိသူများဖြစ်သည့် ဒေါ်ရွှေစင်ဝင်း နှင့် ကိုဇော်ဖြိုးအောင်တို့ နှစ်ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

Most Read

Most Recent