■ဝန်ထမ်းအိမ်ရာများ ပြုပြင်ခြင်းအတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်ရာ ပြည်နယ်/အစိုးရများက တာဝန်ယူဆောင်ရွက်သွားကြရမည်
ရုံးဌာနအဆောက်အဦများအား ပြင်ဆင်ရန်အတွက် မူလတည်ဆောက်ခဲ့သော ကုမ္ပဏီများအား တာဝန်ပေးဆောင်ရွက်ခြင်း အပါအဝင် နည်းလမ်းသုံးမျိုးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောကြားသည်။
ဧပြီ ၂၉ ရက်က ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောရာတွင် ဗိုလ်ချုပ်ကြီးမောင်မောင်အေးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ရုံးဌာနအဆောက်အဦများအား ပြင်ဆင်ရန်အတွက် မူလတည်ဆောက်ခဲ့သော ကုမ္ပဏီများအား တာဝန်ပေးဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများတွင် တည်ဆောက်ရေးလုပ်ငန်းများ လက်ရှိဆောင်ရွက်နေသည့် ကုမ္ပဏီများအား တာဝန်ပေးဆောင်ရွက်ခြင်းနှင့် အင်ဂျင်နီယာအသင်း (၃) သင်းမှ သတ်မှတ်ထောက်ခံပေးထားသည့် ကုမ္ပဏီများအား တာဝန်ပေးဆောင်ရွက်ခြင်း စသည့် နည်းလမ်း သုံးမျိုးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ဝန်ထမ်းအိမ်ရာများ ပြုပြင်ခြင်းအတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်ရာ ပြည်နယ်/အစိုးရများက တာဝန်ယူဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားသည်။
ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အတည်ပြုပေးသည့် မြို့ပြအင်ဂျင်နီယာများ ပါဝင်သော ပညာရှင်များအား ဖွဲ့စည်းတာဝန်ပေးအပ်၍ ခန့်မှန်းကုန်ကျငွေ (Estimate) များ တွက်ချက်ပြီး သက်ဆိုင်ရာပြုပြင်တည်ဆောက်ရေးအဖွဲ့မှတစ်ဆင့် “အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ” သို့ တင်ပြကာ ဆောက်လုပ်ရေးဝန်ကြီးဌာန တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီတွင် ခန့်မှန်းကုန်ကျငွေအား လုပ်ငန်းပမာဏအရ ကွင်းဆင်းစစ်ဆေးခြင်း၊ ဓာတ်ပုံမှတ်တမ်းများဖြင့် စစ်ဆေးခြင်းတို့ဖြင့် တိုက်ဆိုင်စိစစ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားသည်။
အဆိုပါ ကော်မတီမှတစ်ဆင့် “အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ”သို့ ဆက်လက်တင်ပြဆောင်ရွက်သွားပြီး “အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ”၏ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုပေးနိုင်ရေး စီမံပေးခြင်းဖြင့် ငလျင်ဒဏ်သင့် အဆောက်အဦများ ပြုပြင်ခြင်းလုပ်ငန်းများအား အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် ဘဏ္ဍာငွေ လေလွင့်မှုမရှိစေရေးအတွက် စိစစ်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားသည်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နိုင်ငံတော်ပိုင် အဆောက်အဦများအနက် ပြန်လည်ပြုပြင်အသုံးပြုနိုင်သည့် အဆောက်အဦများအား ပြန်လည်ပြုပြင်အသုံးပြုနိုင်ရေးနှင့် အသစ်ပြန်လည်တည်ဆောက်ရမည့် အဆောက်အဦများအား ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများဖြစ်အောင် တည်ဆောက်နိုင်ရေး တာဝန်ယူကြီးကြပ်ဆောင်ရွက်သွားနိုင်ရန်အတွက် မိမိတို့ကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၅၈/၂၀၂၅ ဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောကြားသည်။
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နိုင်ငံတော်ပိုင် ရုံးအဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများနှင့် အထူးအဆောက်အဦများအား စစ်ဆေးနိုင်ရန် အဆင့် (၁) စစ်ဆေးရေးအဖွဲ့ (၁၈) ဖွဲ့ ၊ အဆင့် (၂) စစ်ဆေးရေးအဖွဲ့ (၁၁) ဖွဲ့နှင့် အထူးစစ်ဆေးရေးအဖွဲ့ (၁၂) ဖွဲ့တို့ကို အမည်များနှင့်တကွ ဖွဲ့စည်းခဲ့ကြောင်း၊ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အဆောက်အဦများနှင့်ပတ်သက်၍ ဤကော်မတီက ဖွဲ့စည်းပေးသည့် ကျွမ်းကျင်သူ ပညာရှင်များ ပါဝင်သည့် အဖွဲ့များဖြင့် စစ်ဆေးကာ အရောင်ခွဲခြားသတ်မှတ်မှု (အနီရောင်၊ လိမ္မော်ရောင်နှင့် အပြာရောင်) အဆင့်သတ်မှတ်ချက်များ ဆောင်ရရက်လျက်ရှိကြောင်း ဗိုလ်ချုပ်ကြီးမောင်မောင်အေး က ပြောကြားသည်။
အဆောက်အဦများပြုပြင်ခြင်း၊ အသစ်တည်ဆောက်ခြင်းများ ဆောင်ရွက်ရာတွင် ငလျင်ဒဏ် အင်အားရစ်(ခ်)တာစကေး (၈) ခံနိုင်ရည်ရှိသည့် အဆောက်အဦများဖြစ်အောင် ဆောက်လုပ်ရမည်ဖြစ်ကြောင်း၊ မန္တလေးငလျင်ဘေးဒဏ်ခံရသော နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် “အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ် တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ” များကို ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောကြားသည်။
အဆိုပါ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ် (၆) ခုအတွက် မြေငလျင်ဒဏ်သင့် အဆောက်အဦများ ဘေးအန္တရာယ်ကင်းရှင်းမှုစစ်ဆေးရေးကော်မတီ (၆) ခုကိုလည်း ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆောက်အဦပျက်စီးမှုအား အကဲဖြတ် အဓိပ္ပာယ်သတ်မှတ်ချက် (အပြာရောင်၊ လိမ္မော်ရောင်နှင့် အနီရောင်) များကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်း/ဝန်ကြီးဌာနများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ဖြန့်ဝေပေးထားပြီးဖြစ်ပါကြောင်း ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောကြားသည်။
ထိုသို့ သတ်မှတ်ထားသော အပြာရောင်၊ လိမ္မော်ရောင်နှင့် အနီရောင် အဆောက်အဦများကို ပြုပြင်ထိန်းသိမ်းရန်နှင့် အသစ်တည်ဆောက်ရာတွင် လိုက်နာရမည့် “ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော အဆောက်အဦ၊ လမ်း၊ တံတားများအတွက် အမျိုးအစားနှင့် ပျက်စီးမှုပုံစံများအလိုက် ပြန်လည်ပြုပြင်ရာတွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့် (Standard Operating Procedure-SOP)” များကိုလည်း ဖြန့်ဝေပေးခဲ့ပြီး ပြင်ဆင်ရန်နှင့် အသစ်တည်ဆောက်ရာတွင် လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ MSME နှင့် စက်မှုဇုန်များရှိ အဆောက်အဦများနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များအပြင် ဖြန့်ဝေပေးထားသည့် SOP များ အတိုင်း စနစ်တကျဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောကြားသည်။
ထို့နောက်အစည်းအဝေးသို့တက် ရောက်လာကြသည့် ကော်မတီဝင်များက ရုံး/ဌာနများအလိုက် အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပညာရှင်များ၏ အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံငလျင်ကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများတက် ရောက်ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။















