အိန္ဒိယနှင့် ပါကစ္စတန်စစ်သားများသည် အငြင်းပွားနေသော ကက်ရှ်မီးယားဒေသတွင် ငါးညဆက်တိုက် အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု ဧပြီ ၂၉ ရက်တွင် အိန္ဒိယစစ်တပ်က ပြောကြားခဲ့သည်။
အိန္ဒိယစစ်သားများနှင့် ပါကစ္စတန်စစ်သားများသည် ဟိမဝန္တာတောင်တန်း၏ အမြင့်ပိုင်းတွင်ရှိသော အဝေးစခန်းများတည်ရှိရာ လုံခြုံရေးထူထပ်သော နယ်မြေဖြစ်သည့် အငြင်းပွားကက်ရှ်မီးယားဒေသထဲက ထိန်း ချုပ်ရေးမျဉ်းတစ်လျှောက်ညအချိန်၌ အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်ဟု အိန္ဒိယစစ်တပ်က ပြောကြားခဲ့သည်။
ပါကစ္စတန်ဘက်မှ ချက်ချင်းလက်ငင်းအတည်ပြုပြောကြားခြင်း မရှိပေ။
ဧပြီ ၂၂ ရက်က အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် စစ်သွေးကြွများက လူ ၂၆ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက် ပါကစ္စတန်သည် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုကို အထောက်အပံ့ပေးနေသည် ဟု အိန္ဒိယက စွပ်စွဲခဲ့သည်။
ပါကစ္စတန်ကမူ ထိုပစ်ခတ်မှုတွင် ၎င်းတို့ ပါဝင်ပတ်သက်ခြင်းမရှိဟု ပြောကြားခဲ့ပြီး အိန္ဒိယ၏ လုပ်ဆောင်မှုများကို တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့သည်။ ဧပြီ ၂၇ ရက် ညပိုင်းက ပါကစ္စတန်စစ်တပ်၏ စစ်စခန်းများသည် ထိန်းချုပ်ရေးစည်းမျဉ်းကိုကျော်ဖြတ်ပြီး လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့သည်ဟု အိန္ဒိယစစ်တပ်က ကက်ရှ်မီးယားဒေသကို ပိုင်းခြားထားသည့် အမည်ခံနယ်စပ်မျဉ်းကို ရည်ညွှန်းပြောဆိုခဲ့သည်။ ထိုပစ်ခတ်မှုကို အိန္ဒိယစစ်သားများကလည်း လျင်မြန်ထိရောက်စွာ တုံ့ပြန်ခဲ့ကြောင်း အိန္ဒိယစစ်တပ်က ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်က အိန္ဒိယ၏စွပ်စွဲပြောကြားမှုများကို ပယ်ချခဲ့သည်။ ထို့နောက် နှစ်နိုင်ငံသည် ကက်ရှ်မီးယားတွင် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိသည်။ သံတမန်ရေးဆိုင်သာ မခံချိမခံသာပြောဆိုမှုများလည်းရှိခဲ့ပြီး နိုင်ငံသားများကို နှင်ထုတ်ခြင်းနှင့် နယ်စပ်ပိတ်ထားရန် ညွှန်ကြားခြင်းတို့ လုပ်ဆောင်ခဲ့ကြသည်။
“ဧပြီ ၂၉ ရက်ကနေ ၂၉ ရက်အထိ ညပိုင်းမှာ ပါကစ္စတန်စစ်တပ်ဟာ ထိန်းချုပ်ရေးမျဉ်းကိုဖြတ်ပြီး အကြောင်းမဲ့ လက်နက်ငယ်ပစ်ခတ်တာတွေကို လုပ်ဆောင်နေပါတယ်။ ကူပွာရာခရိုင်၊ ဘာရာမူလာခရိုင်တို့နဲ့ မျက်နှှာ ဆိုင်ရှိနေတဲ့ နယ်မြေတွေမှာသာမက အက်ခါနော်အပိုင်းမှာလည်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်”ဟု အိန္ဒိယက ပြောကြားခဲ့သည်။
အိန္ဒိယစစ်သားတို့က ရန်စမှုကို ချင့်ချင့်ချိန်ချိန်ရှိပြီး ထိရောက်မှုရှိသောပုံစံဖြင့် တုံ့ပြန်ခဲ့သည်ဟု အိန္ဒိယစစ်တပ်က ပြောကြားခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသည်ဟူသော သတင်းများကို မကြားရပေ။
ဧပြီ ၂၉ ရက်သည် ပါကစ္စတန်နိုင်ငံသားများ ထွက်ခွာကြရန် နောက်ဆုံးသတ်မှတ်ချိန်ဖြစ်သည်ဟု အိန္ဒိယက ပြောကြားထားသည်။
ရန်လိုသောထုတ်ပြန်ချက်များက စစ်ရေးအရ အရေးယူဆောင်ရွက်နိုင်သည့် အခြေအနေတစ်ရပ်အဖြစ် အရှိန်မြင့်တက် လာမည်ကိုစိုးရိမ်ကြောင်း လေ့လာဆန်းစစ်သူများက ပြောကြားသည်။
အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ၁၉၄၇ ခုနှစ်တွင် ဗြိတိန်သျှထံမှ လွတ်လပ်ရေးရခဲ့ပြီးကတည်းက မွတ်စလင်အများစုနေထိုင်ရာ ကက်ရှ်မီးယားသည် အိန္ဒိယနှင့် ပါကစ္စတန်အကြားတွင် နှစ်ပိုင်းကွဲနေခဲ့သည်။
Ref: AFP















