■ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအကြောင်း မစဉ်းစားသေးဟု ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ် ဆို

■ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအကြောင်း မစဉ်းစားသေးဟု ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ် ဆို
Photo: Getty Images
Photo: Getty Images
Published 4 April 2025

၂၀၂၄-၂၀၂၅ ရာသီ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲသို့ El Clásico  ပြိုင်ဘက် ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်း တက်ရောက်လာခဲ့ပြီး ဗိုလ်လုပွဲ၌ ၎င်းတို့နှစ်သင်း ခုနစ်ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။

    

ဧပြီ ၁၊ ၂ ရက်တွင် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် များ ယှဉ်ပြိုင်ကစားခဲ့ပြီး ရီးယဲလ်အသင်းက ဆိုစီဒက်အသင်းကို နှစ်ကျော့ပေါင်းရလဒ် (၅-၄) ဂိုး၊ ဘာစီလိုနာအသင်းက အက်သလက်တီကိုအသင်းကို နှစ်ကျော့ပေါင်းရလဒ် (၅-၄) ဂိုးဖြင့် အနိုင်ရကာ ဗိုလ်လုပွဲတက်ရောက်ခဲ့သည်။ 

ဗိုလ်လုပွဲတက်ရောက်လာသည့် နှစ်သင်းအနက် ဘာစီလိုနာအသင်းက အကြိမ်အများဆုံးအဖြစ် (၄၃) ကြိမ်မြောက်နှင့် ရီးယဲလ်အသင်းက ဒုတိယအများဆုံးအဖြစ် (၄၁) ကြိမ်မြောက် တက်ရောက်နိုင်ခြင်းဖြစ်သည်။

    

ထို့ပြင် ဗိုလ်လုပွဲတွင် El Clásico ပြိုင်ဘက်နှစ်သင်း ထိပ်တိုက်တွေ့ဆုံခြင်းမှာ ခုနစ်ကြိမ်မြောက်ဖြစ်ပြီး ၂၀၁၃-၂၀၁၄ ရာသီနောက်ပိုင်း (၁၁) နှစ်အကြာတွင် တစ်ကျော့ပြန် တွေ့ဆုံခြင်းဖြစ်သည်။ 

ယခင်တွေ့ဆုံမှုများအနက် ၁၉၆၇-၁၉၆၈ ရာသီတွင် ဘာစီလိုနာအသင်းက (၁-၀) ဂိုး၊  ၁၉၇၃-၁၉၇၄ ရာသီတွင် ရီးယဲလ်အသင်းက (၄-၀) ဂိုး၊ ၁၉၈၂-၁၉၈၃ ရာသီတွင် ဘာစီလိုနာအသင်းက (၂-၁) ဂိုး၊ ၁၉၈၉-၁၉၉၀ ရာသီတွင် ဘာစီလိုနာအသင်းက (၂-၀) ဂိုး၊ ၂၀၁၀-၂၀၁၁ ရာသီတွင် ရီးယဲလ်အသင်းက အချိန်ပို၌ (၁-၀) ဂိုး၊ ၂၀၁၃-၂၀၁၄ ရာသီတွင် ရီးယဲလ်အသင်းက (၂-၁) ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲထားသည်။

    

ယခုရာသီ ဗိုလ်လုပွဲကို ဧပြီ (၂၆) ရက်တွင် ဆီဗီးလ်မြို့ရှိ La Cartuja ကွင်း၌ ကျင်းပမည်ဖြစ်သည်။ 

၎င်းတို့နှစ်သင်းသည် ယခုရာသီတွင် နှစ်ပွဲတွေ့ဆုံထားပြီး ဘာနေဗျူးကွင်း၌ ကစားသည့် လာလီဂါပွဲစဉ်တွင် ဧည့်သည် ဘာစီလိုနာအသင်းက (၀-၄) ဂိုး၊ ဆော်ဒီနိုင်ငံ၌ ကျင်းပသည့် စပိန်စူပါဖလား ဗိုလ်လုပွဲတွင်လည်း ဘာစီလိုနာအသင်းကပင် (၂-၅) ဂိုးဖြင့် နှစ်ပွဲစလုံး ဂိုးပြတ်အနိုင်ရထားသည်။ 

ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ခ်က "ကျွန်တော်က ပစ္စုပ္ပန်မှာပဲ နေထိုင်တဲ့သူပါ။ အတိတ်အကြောင်းရော အနာဂတ်အကြောင်းပါ မတွေးထားပါဘူး"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent