
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ကျပ် ၄၄ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၇ သိန်းကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၂ ရက် နံနက် ၅ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာအနီးတွင် ပြင်ဦးလွင်မှ မန္တလေးသို့ ကျော်စွာထွန်း မောင်းနှင်လာသည့် MITSUBISHI CANTER ၆ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဂေါ်ဖီထုပ်များဖြင့် ဖုံးအုပ် သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၂၀၀ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ မော်တော်ယာဉ်အား ကိုကျော်စွာထွန်း ထံ အပ်နှံသူ ကိုတင့်လွင်မိုး အား ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁ဝ)တွင် မော်တော်ဆိုင်ကယ်တစ်စီးနှင့် ဖမ်းဆီးရမိခဲ့ပြီး စိတ်ကြွရူးသွပ်ဆေးပြားများ လာရောက်ယူဆောင်သူများဖြစ်သည့် ရဲမင်း(ခ)နွားကြီးနှင့် မကေသွယ်မိုး တို့အား ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၅ လမ်းတွင် FOTON VIEW မော်တော်ယာဉ်တစ်စီး နှင့်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ် ဆေးပြားများအား လက်ခံရယူသူ ကိုစိုင်း(ခ)စိုင်းထွန်းအောင်ကျော်(ခ)မောင်အောင်နိုင်(ခ)သားကြီး အား ပြည်ကြီးတံခွန်မြို့နယ်၊ ၆၀ x ၁၀၇ လမ်းထောင့်ရှိ ဟိုတယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ကိုစိုင်း(ခ)စိုင်းထွန်းအောင်ကျော်(ခ)မောင်အောင်နိုင်(ခ)သားကြီး ထံသို့ စိတ်ကြွ ရူးသွပ်ဆေးပြားများ လာရောက်ပို့ဆောင်မည့် စောသန့်စင်(ခ)ကိုရဲ နှင့် ကိုအောင်ကျော်လေး(ခ) ရဲမင်းအောင် တို့ နှစ်ဦးအား ပြည်ကြီးတံခွန်မြို့နယ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ နှစ်ဦးထံသို့ စိတ်ကြွရူးသွပ်ဆေးပြားများ ပို့ဆောင်ရန်လာရောက်လျက်ရှိသည့် ကိုလူအေး အား ချမ်းမြသာစည် မြို့နယ်၊ ၁၁၀ လမ်း၊ ၅၄ x ၅၅ လမ်းကြားရှိ လက်ဖက်ရည်ဆိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်း ရွာသစ်ကျေးရွာရှိ ကိုလူအေး ၏ နေအိမ်နှင့် ခြံဝင်းအတွင်းရှိ ALPHARD ယာဉ်ပေါ်တို့မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၉၇ ဒသမ ၅ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလ တန်ဖိုးကျပ် ၄၄ ဒသမ ၆ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၇ ဒသမ ၅ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ် ဆေးပြားများ၏ ပိုင်ရှင်မှာ စိုင်းနေလင်းထွေး(ခ)လင်းထွေး ဖြစ်ကြောင်း၊ ကိုစိုးစိုး(ခ)စိုင်းစိုးမြင့်၊ ကိုအောင်ကျော်လေး (ခ)ရဲမင်းအောင် နှင့် စောသန့်စင်(ခ)ကိုရဲ တို့ထံ စိတ်ကြွရူးသွပ် ဆေးပြားများ လွှဲပြောင်းပေးခဲ့သူမှာ နော်မိန်း(ခ)အောင်နိုင် ဖြစ်ကြောင်း၊ စိုးစိုး(ခ)စိုင်းစိုးမြင့် မှ တင့်လွင်မိုး၊ အောင်စည်သူ၊
ကျော်စွာထွန်း၊ ရဲမင်း(ခ)နွားကြီးနှင့် မကေသွယ်မိုး တို့အား အဆင့်ဆင့် သယ်ဆောင်စေပြီး ကိုစိုင်း(ခ)စိုင်းထွန်းအောင်ကျော်(ခ)မောင်အောင်နိုင်(ခ)သားကြီး ထံသို့ သယ်ဆောင် ရောင်းဝယ်ခြင်း ဖြစ်ကြောင်း၊ အလားတူ ကိုအောင်ကျော်လေး(ခ)ရဲမင်းအောင် နှင့် စောသန့်စင်(ခ)ကိုရဲ တို့ နှစ်ဦးမှလည်း ကိုနေမျိုးအောင် ချိတ်ဆက်ပေးသည့် လူအေး အား သယ်ဆောင်စေပြီး ကိုစိုင်း(ခ) စိုင်းထွန်းအောင်ကျော်(ခ)အောင်နိုင်(ခ)သားကြီး ထံသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ် လျက်ရှိကြောင်းနှင့် ၎င်းတို့မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုး အမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။