မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ နှစ်ထပ်ခွဲလက်ဖက်ရည်ဆိုင် ငလျင်ကြောင့် ပြိုကျခဲ့ပြီး လူ ၇၀ ခန့် ပိတ်မိနေကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ် ၅၈ လမ်းနှင့် ၃၈ လမ်းထောင့်ရှိ နှစ်ထပ်ကွဲလက်ဖက်ရည်ဆိုင်ပြိုကျမှုအတွင်း ဆိုင်သို့ လာရောက်စားသုံးသူ လူ ၇၀ ခန့် ပိတ်မိနေပြီး လတ်တလောတွင် လေးဦးခန့်သာ ကယ်ထုတ်နိုင်သေးသည့် အခြေအနေတွင် ရှိကြောင်း Eleven Media Group မန္တလေးအခြေစိုက်သတင်းထောက်၏ သတင်းပေးပို့မှုအရ သိရသည်။
ငလျင်၏ နောက်ဆက်တွဲ ထိခိုက်ပျက်စီးမှုပတ်သက်၍ မန္တလေးတွင် ယခုဖြစ်စဉ်မှာ အဆိုးဆုံးဖြစ်စဉ်ထဲတွင် ပါဝင်ပြီး လူများစွာ ထိခိုက်ဒဏ်ရာရနိုင်သည့် အခြေအနေရှိနေကာ အသေးစိတ် ထပ်မံသိရှိရပါက ဆက်လက်ဖော်ပြပေးပါမည်။
ထို့အပြင် ပြည်ကြီးတံခွန်မြို့နယ် ၁၃၄ လမ်းနှင့် ၆၄ လမ်းထောင့်ရှိ သုံးထပ်ကားအပိုပစ္စည်းဆိုင် ပြိုကျမှုကြောင့် ဆိုင်ရှင်နှင့် ဝန်ထမ်း ၁၀ ဦး ပိတ်မိနေခဲ့ပြီး လတ်တလောတွင် သုံးဦးသာ ကယ်ထုတ်ထားနိုင်ကြောင်း သိရသည်။















