
မုဒုံမြို့နယ် ကလော့သော့ကျေးရွာအဝင်လမ်း ဘောလုံးကွင်းအနီးတွင် မတ် ၁၀ ရက်က နံနက်ပိုင်းက အသက် ၂၅ နှစ်အရွယ် ဒေသခံအမျိုးသား နှစ်ဦးမှာ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြသူ နှစ်ဦးမှာ ကလော့သော့ကျေးရွာ၊ ရပ်ကွက် (၁) တောင်ပိုင်းနေ အသက် ၂၅ နှစ်အရွယ် မွန်ထိုင်းဆိုသူနှင့် ကော့ပီထော်ကျေးရွာ၊ ရပ်ကွက် (၁) နေ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်းနှင့် ၎င်းတို့အနီးတွင် AK - 47 ကျည်ခွံ ခြောက်ခုတွေ့ရှိခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “မနက် နံနက် ၆ နာရီဝန်းကျင်အချိန်လောက်မှာ ရွာထိပ်ဘောလုံးကွင်းဘက်ကနေ သေနတ်သံ ခြောက်ချက်ကြားလိုက်ကြရတယ်။ ခဏနေတော့ ရွာကလူတွေက အခင်းဖြစ်တဲ့နေရာရောက်သွားကြတော့ ရွာက တစ်ယောက်ရယ်၊ ကော့ပီထော်ရွာကတစ်ယောက်ရယ် သေနတ်ဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေတာကိုတွေ့ကြရပါတယ်။ ရုပ်အလောင်းတွေရဲ့ ဘေးမှာ သူတို့စီးလာတဲ့ ဆိုင်ကယ်ကိုတွေ့ရတယ်” ဟု ပြောကြားသည်။
ထိုအမျိုးသား နှစ်ဦးအား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ကို မသိရသေးကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့်သူ နှစ်ဦး၏ ရုပ်အလောင်းများအား မုဒုံမြို့နယ်ပြည်သူ့ဆေးရုံသို့ ဒေသခံလူမှုကူညီရေးအဖွဲ့မှ ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်း ညပိုင်းအချိန်ကလည်း အဆိုပါ မုဒုံမြို့နယ် ကလော့သော့ကျေးရွာအဝင်လမ်းအနား မုဒုံ - သံဖြူဇရပ်ကားလမ်းဘေးရှိ “မေတ္တာမန်” စက်သုံးဆီအရောင်းဆိုင်သို့ ဆိုင်ကယ်တစ်စီးဖြင့် လက်နက်ကိုင်အမျိုးသား (၃) ဦးရောက်ရှိလာပြီး၊ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ကောင်တာမှ ငွေကျပ် (၆) သိန်းကျော်အား လုယက်သွားသည့်အပြင်၊ ဆိုင်အတွင်းရှိ ဆီပန့်များ၊ ပစ္စည်းများကိုလည်း ပုဆိန်ဖြင့် ခုတ်ပြီး ဖျက်ဆီးသွားခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။