အိန္ဒိယတွင် ကမ္ဘာ့အကြီးဆုံးဘာသာရေးပွဲတော်တွင် ဇန်နဝါရီ ၂၉ ရက်အစောပိုင်းက လူအုပ်ကသောင်းကနင်းဖြစ်ပွားခဲ့ပြီး လူ ၃၀ ထက်မနည်းသေဆုံးကာ လူပေါင်းများစွာဒဏ်ရာရရှိခဲ့သည်။
လူအုပ်တစ်အုပ်သည် ရဲတပ်ဖွဲ့အတားအဆီးအကာအရံတစ်ခုကို တွန်းတိုက်မိရာမှ အထိတ်တလန့်ဖြစ်သွားပြီး အနီးအနားရှိလူများကို တက်နင်းမိကြရာမှ ကသောင်းကနင်း ဖြစ်စဉ်များ စတင်ဖြစ်ပွားခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ဘာသာရေးပွဲတော်များတွင် ထိုကဲ့သို့ လူအုပ်ကသောင်းကနင်းဖြစ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ယခုဖြစ်စဉ်သည် ဇန်နဝါရီ ၂၉ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဘုရားဖူးများသည် အထွတ်အမြတ်နေ့တစ်နေ့တွင် မွန်မြတ်သည့်ရေပြင်အတွင်း ရေချိုးသန့်စင်မှုတွင် ပါဝင်ရန် အပူတပြင်းကြိုးပမ်းနေချိန်တွင် ညမှောင်ချိန်၌ ဝတ်ပြုလာသူများသည် တစ်ဦးနှင့်တစ်ဦးတက်နင်းမိကြရာမှ လူအုပ်ကသောင်းကနင်းဖြစ်ပွားခဲ့သည်ဟု မြစ်များအနီးတွင် လှဲအိပ်နေသူများနှင့်ထိုင်နေသူများက အေအက်ဖ်ပီသတင်းကို ပြောပြခဲ့သည်။
“လူအုပ်ကြီးက ကျွန်တော့်အပေါ်ကိုပိကျလာပြီး သူတို့တွေ ရှေ့ဆက်တိုးနေချိန်မှာ ကျွန်တော့်ကိုတက်နင်းမိကြပါတယ်”ဟု ပွဲတော်သို့လာရောက်သည့် အသက် ၄၈နှစ်အရွယ် ရီနူးဒီဗီက ဆိုသည်။
“လူအုပ်ကြီးများလာတော့ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေကို တက်နင်းမိကြပြီး လာကူညီမယ့်သူလည်းမရှိပါဘူး”ဟု ပြောပြခဲ့သည်။
ကယ်ဆယ်ရေးအဖွဲ့များသည် အခင်းဖြစ်ပွားသည့်နေရာမှ သေဆုံးသူများ၏အလောင်းများကို သယ်ယူခဲ့ကာ ထိုနေရာတွင် အဝတ်အစားများ၊ ရှူးဖိနပ်များနှင့်အခြားစွန့် ပစ်ထားသောပစ္စည်းများ စုပြုံလျက်ရှိသည်။
“ပွဲတော်ကို လာရောက်သူ ၃ဝလောက် ကံမကောင်းစွာနဲ့ သေဆုံးသွားပါတယ်။ ဒဏ်ရာရရှိသူ အယောက် ၉၀ ကိုတော့ ဆေးရုံတင်ထားရပါတယ်”ဟု အကြီးတန်းရဲအရာရှိဗစ် ဟက်ဗ်ခရစ်နာက သတင်းထောက်များကို ပြောပြခဲ့သည်။
ယင်းလူအုပ်ကသောင်းကနင်းဖြစ်ပွားပြီးနောက် ၁၈ နာရီနီးပါးအကြာတွင် ခရစ်နာက သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သေဆုံးသူအရေအတွက်ကို တရားဝင်ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။
ပွဲတော်များကို နေ့အချိန်တွင် ပုံမှန်အတိုင်း ဆက်လက်ပြုလုပ်ခွင့်ပေးထားပြီးလူပေါင်းသန်းချီသည် ရေချိုးသန့်စင်နိုင်ရန် အတွက် မြစ်ကမ်းပါးများသို့ ခြေလျင်လမ်းလျှောက်သွားလာနေကြဆဲဖြစ်သည်။
ဝန်ကြီးချုပ် နရင်ဒရာမိုဒီက ယင်းကဲ့သို့ ဖြစ်ပွားခဲ့သည့်အတွက် အလွန်စိတ်မကောင်းဖြစ်မိကြောင်းနှင့် ကျန်ရစ်သူမိသားစုများနှင့် ထပ်တူဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့သည်။
“ဒဏ်ရာရရှိသူတွေလည်း အမြန်ဆုံး သက်သာပျောက်ကင်းသွားဖို့ ဆုတောင်းပေးနေပါတယ်”ဟု မိုဒီကဆိုသည်။
ဟိန္ဒူဘာသာဝင်များ မွန်မြတ်သည့်ရေ ပြင်အတွင်း ရေချိုးသန့်စင်ကြသည့် Kumbh Mela ခေါ် ကမ္ဘာ့အကြီးဆုံးဘာသာရေးပွဲတော်ကြီးကို အိန္ဒိယနိုင်ငံတွင် ဇန်နဝါရီ ၁၃ ရက်နေ့က စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။
ထောင်စုနှစ်သက်တမ်းရှိပြီဖြစ်သည့် အဆိုပါ Kumbh Mela ပွဲတော်ကို ဂင်္ဂါမြစ်၊ ယမုံနာမြစ်နှင့် ဒဏ္ဍာရီလာ သူရဿတီမြစ်များ ပေါင်းဆုံသည့်နေရာတွင် ကျင်းပခြင်းဖြစ်သည်။ပွဲတော်ဆင်နွှဲသူများသည် အိန္ဒိယ နိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်အတွင်း ပရာရာဂရက်မြို့ရှိ မြစ်ကမ်းပါးနေရာများတွင် ရွက်ဖျင်တဲများထိုးနေကြသည်။ ပွဲတော်ကာလက ဖေဖော်ဝါရီ ၂၆ ရက်အထိဖြစ်သည်။
အိန္ဒိယနိုင်ငံသည် လူဦးရေ ၁ ဒသမ ၄ ဘီလျံရှိပြီး ကမ္ဘာပေါ်တွင်လူဦးရေအများဆုံး တိုင်းပြည်ဖြစ်သည်။
Ref: AFP















