မြန်မာအမျိုးသမီးအသင်းနှင့် ခြေစမ်းကစားရန် အင်ဒိုနီးရှားအမျိုးသမီးအသင်းထက်  ကမ္ဘာ့အဆင့်ပိုမြင့်သည့်အသင်းများ၏ ဖိတ်ကြားမှုကို MFF ရရှိထား

မြန်မာအမျိုးသမီးအသင်းနှင့် ခြေစမ်းကစားရန် အင်ဒိုနီးရှားအမျိုးသမီးအသင်းထက်  ကမ္ဘာ့အဆင့်ပိုမြင့်သည့်အသင်းများ၏ ဖိတ်ကြားမှုကို MFF ရရှိထား
Photo: MFF
Photo: MFF
Published 30 December 2024

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့် ခြေစမ်းကစားရန် အင်ဒိုနီးရှားလက်ရွေးစင်အမျိုးသမီးအသင်းထက် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ပိုမိုမြင့်မားသည့်အသင်းများ၏ ဖိတ်ကြားမှုကို လက်ခံရရှိထားကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် အင်ဒိုနီးရှားလက်ရွေးစင်အမျိုးသမီးအသင်းနှင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတို့၏ ခြေစမ်းပွဲကို အတည်မပြုသေးခြင်းဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်(PSSI) သည် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ထံသို့ ဆက်သွယ်၍ အင်ဒိုနီးရှားလက်ရွေးစင်အမျိုးသမီးအသင်း နှင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတို့၏ ခြေစမ်းပွဲအတွက် ကမ်းလှမ်းခဲ့သည်။

သို့သော် လက်ရှိတွင် အင်ဒိုနီးရှားလက်ရွေးစင်အမျိုးသမီးအသင်းထက် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ပိုမိုမြင့်မားသည့်အသင်းများ၏ ကမ်းလှမ်းမှုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ရရှိထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည်  အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်(PSSI) ၏ ကမ်းလှမ်းမှုကို အကြောင်းမပြန်ကြားသေးဘဲ အင်ဒိုနီးရှားလက်ရွေးစင်အမျိုးသမီးအသင်းထက် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ပိုမိုမြင့်မားသည့်အသင်းတစ်သင်းနှင့် ခြေစမ်းကစားရန် ကြိုးပမ်းနေလျက်ရှိသည်။

လက်ရှိတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၏ ကမ္ဘာ့အဆင့်မှာ ၅၅၊ အာရှအဆင့်မှာ ၁၁၊ အင်ဒိုနီးရှားလက်ရွေးစင်အမျိုးသမီးအသင်း၏ ကမ္ဘာ့အဆင့်မှာ ၉၇၊ အာရှအဆင့်မှာ ၁၇ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် လာမည့်ဖေဖော်ဝါရီအတွင်း မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) အသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲတစ်ပွဲ မဖြစ်မနေ ကစားရန် စီစဉ်နေလျက်ရှိကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၂၅ ခုနှစ်တွင် အာဆီယံအမျိုး သမီးချန်ပီယံရှစ်ပြိုင်ပွဲ၊ ၃၃ ကြိမ်မြောက် ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ထို့ ကြောင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် လက်ရှိတွင် ပဏာမကစားသမား ၃၂ ဦး ဖြင့် ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ ရန်ကုန်မြို့၌ စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်ဖြစ်သူ ဂျပန်နိုင်ငံသား ယုကီတက်ဆုရိုသည် ပဏာမလူစာရင်းတွင်  အမေရိကန်နိုင်ငံ၌ ပညာသင်ကြားရင်း ကောလိပ်အမျိုးသမီးဘောလုံးအသင်းတွင် ပါဝင်ကစားနေသည့် တိုက်စစ်က စားသမား မေထက်လူကိုလည်း ထည့်သွင်းရွေးချယ်ထားသည်။

မေထက်လူသည် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့်အတူ ပူးပေါင်းလေ့ကျင့်လျက်ရှိပြီး ယခင်ကလည်း ပဏာမလက်ရွေးစင်အသင်းတွင် ပါဝင်ခဲ့ဖူးသူဖြစ်သည်။

မေထက်လူသည် မြန်မာယူ-၁၆၊ ယူ-၁၉ အမျိုးသမီးလူငယ်လက်ရွေးစင်အသင်းများတွင် ရွေးချယ်ခံဖူးပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင်မူ တစ်ကျော့ပြန် ရွေးချယ်ခံရခြင်းဖြစ်သည်။

မေထက်လူသည် အမေရိကန်ကောလိပ်အသင်းဖြစ်သော LA Pierce Women's Soccer အသင်းတွင် ကစားနေသူဖြစ်သည်။

Most Read

Most Recent