၂၀၁၅ မှ ၂၀၂၄ ခုနှစ်အထိ ဆယ်စုနှစ်အတွင်း ကမ္ဘာတစ်ဝန်း အပြောင်းအရွှေ့အသုံးစရိတ် အများဆုံး ဘောလုံးကလပ်အဖြစ် မန်ယူအသင်းက ရပ်တည်နေပြီး ထိပ်ဆုံး (၁၀) သင်းတွင် ပရီးမီးယားလိဂ်ကလပ် (၆)သင်း အထိပါဝင်ကြောင်း သိရသည်။
ဆွစ်ဇာလန်အခြေစိုက် ဘောလုံးသုတေသနအဖွဲ့အစည်းဖြစ်သည့် CIES Football Observatory ၏ အစီရင်ခံစာထုတ်ပြန်မှုကို ဗြိတိန်အခြေစိုက် Daily Mail သတင်းဌာနက ပြန်လည်ဖော်ပြထားခြင်းဖြစ်ပြီး ဆယ်စုနှစ်တစ်ခုအတွင်း မန်ယူအသင်းက အပြောင်းအရွှေ့ အသုံးစရိတ်အများဆုံးကလပ်အဖြစ် ရပ်တည်လျက် ရှိသည်။
၂၀၁၅ မှ ၂၀၂၄ ခုနှစ် နွေရာသီအထိ မန်ယူအသင်း၏ အသုံးစရိတ် စုစုပေါင်းမှာ ပေါင် ၁ ဒသမ ၀၈ ဘီလျံ (ယူရို ၁ ဒသမ ၃ ဘီလျံ) အထိရှိကြောင်း သိရှိရသည်။
၎င်း၏နောက်တွင် ချယ်လ်ဆီးအသင်းက ပေါင် ၁ ဒသမ ၀၇ ဘီလျံ (ယူရို ၁ ဒသမ ၂ ဘီလျံ)၊ PSG အသင်း က ပေါင် ၈၂၅ သန်း (ယူရို ၉၉၁ သန်း)၊ အာဆင်နယ်အသင်းက ပေါင် ၆၆၁ သန်း (ယူရို ၇၉၅ သန်း)၊ စပါးအသင်းက ပေါင် ၅၉၁ သန်း (ယူရို ၇၁၁ သန်း)၊ မန်စီးတီး အသင်းက ပေါင် ၅၈၅ သန်း (ယူရို ၇၀၃ သန်း)၊ အေစီမီလန်အသင်းက ပေါင် ၅၂၇ သန်း (ယူရို ၆၃၃ သန်း)၊ နယူး ကာဆယ်အသင်းက ပေါင် ၅၂၁ သန်း (ယူရို ၆၂၆ သန်း)၊ ဘာစီလိုနာအသင်းက ပေါင်သန်း ၅၀၀ (ယူရို ၆၀၁ သန်း)၊ အယ်လ်ဟီလာအသင်းက ပေါင် ၄၆၂ သန်း (ယူရို ၅၅၆ သန်း) ဖြင့် အစဉ်လိုက်ရပ်တည်လျက်ရှိသည်။ သို့ဖြစ်ရာ အသုံးစရိတ်အများဆုံး ထိပ်ဆုံး (၁၀) သင်းစာရင်းတွင် ပရီးမီးယားလိဂ်ကလပ် (၆)သင်းအထိ ပါဝင်နေခြင်းဖြစ်ပြီး လီဂူး -၁၊ စီးရီးအေ၊ လာလီဂါနှင့် ဆော်ဒီပရိုလိဂ်ကလပ် တစ်သင်းစီသာ ပါဝင်လျက်ရှိသည်။
ထို့ပြင် ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်း က ပေါင် ၄၅၆ သန်း (ယူရို ၅၄၈ သန်း) ဖြင့် အဆင့် ၁၁၊ ဗီလာအသင်းက ပေါင် ၄၃၃ သန်း (ယူရို ၅၂၁ သန်း) ဖြင့် အဆင့် ၁၃၊ ဘုန်းမောက်အသင်းက ပေါင် ၃၁၈ သန်း (ယူရို ၃၈၃ သန်း) ဖြင့် အဆင့် ၁၆၊ လီဗာပူးလ်အသင်းက ပေါင် ၃၀၄ သန်း (ယူရို ၃၆၆ သန်း) ဖြင့် အဆင့် ၁၇၊ ပဲလေ့စ်အသင်းက ပေါင် ၃၀၁ သန်း (ယူရို ၃၆၃ သန်း) ဖြင့် အဆင့် ၁၈၊ ဝုလ်ဗ်အသင်းက ပေါင် ၂၈၇ သန်း (ယူရို ၃၄၅ သန်း) ဖြင့် အဆင့် ၂၀ နေရာတွင် ရပ်တည်နေရာ ထိပ်ဆုံးအသင်း ၂၀ စာရင်း၌ ပရီးမီးယားလိဂ်ကလပ် စုစုပေါင်း (၁၂) သင်းအထိ ပါဝင်နေခြင်းဖြစ်ကြောင်း သိရသည်။