ဒေါ်နယ်ထရန့် အိမ်ဖြူတော်သို့ အောင်ပွဲနှင့်အတူ ပြန်လာခဲ့ရာတွင် သမ္မတဂျိုးဘိုုင်ဒင်က ပြိုင်ဘက်ထရန့်ကို ယဉ်ကျေးသိမ်မွေ့သည့် အမူအရာပြကာ လက်ဆွဲနှုတ်ဆက်

ဒေါ်နယ်ထရန့် အိမ်ဖြူတော်သို့ အောင်ပွဲနှင့်အတူ ပြန်လာခဲ့ရာတွင် သမ္မတဂျိုးဘိုုင်ဒင်က ပြိုင်ဘက်ထရန့်ကို ယဉ်ကျေးသိမ်မွေ့သည့် အမူအရာပြကာ လက်ဆွဲနှုတ်ဆက်
ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်နှင့်လက်ရှိသမ္မတဂျိုးဘိုင်ဒင်တို့ လက်ဆွဲနှုတ်ဆက်နေပုံကို နိုဝင်ဘာ ၁၃ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်နှင့်လက်ရှိသမ္မတဂျိုးဘိုင်ဒင်တို့ လက်ဆွဲနှုတ်ဆက်နေပုံကို နိုဝင်ဘာ ၁၃ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 14 November 2024

အမေရိကန် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်သည် နိုဝင်ဘာ ၁၃ ရက်တွင် အိမ်ဖြူတော်သို့ အောင်ပွဲနှင့်အတူ ပြန်လာခဲ့ရာတွင် သမ္မတရာထူးမှ ထွက်ခွာတော့မည့်ဂျိုးဘိုုင်ဒင်က လွန်ခဲ့သော လေးနှစ်ခန့်တွင် ၎င်းကို လက်ဆွဲနှုတ်ဆက်ရန်ငြင်းဆန်ခဲ့သော ခါးသီးသည့်ပြိုင်ဘက်ဒေါ်နယ်ထရန့်ကို ယဉ်ကျေးသိမ်မွေ့သည့် အမူအရာပြကာ လက်ဆွဲနှုတ်ဆက်ခဲ့သည်။

ထရန့်အား ကွန်ဂရက်ကို အပြည့်အဝထိန်းချုပ်ခွင့်ပေးရန် အောက်လွှတ်တော်တွင် ရီပတ်ဘလီကင်အများစု အနိုင်ရကြောင်း ကြေညာခံရပြီးရှေ့နေချုပ်အဖြစ် မတ်ဂတ်ဇ်ကို ရွေးချယ်ခြင်းအပါအဝင်လာမည့်အစိုးရ အဖွဲ့သစ်အတွက် လူရွေးချယ်မှုများကို ကြေညာနေချိန်တွင် ထရန့်၏အိမ်ဖြူတော်ခရီးစဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်သမ္မတနှင့် ရွေးကောက်ခံသမ္မတတို့သည် ဘဲဥပုံရုံးခန်းထဲက မီးတောက်နေသော မီးဖိုရှေ့တွင် လက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ဘိုင်ဒင်၏အနိုင်ကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ ချိန်က ရွေးကောက်ပွဲနိုင်သူကို ထိုစဉ်ကသမ္မတ ထရန့်က လက်ဆွဲနှုတ်ဆက်ခြင်းမပြုသော်လည်း ယခုမူ ဘိုင်ဒင်က ရွေးကောက်ပွဲအနိုင်ရသော ဒေါ်နယ်ထရန့်ကို အသိအမှတ်ပြုသည့် အစဉ်အလာအား ပြန်လည်ဖော်ဆောင်ကာ လက်ဆွဲနှုတ်ဆက်ခဲ့သည်။

“ပြန်လည် ကြိုဆိုလိုက်ပါတယ်”ဟု အသက် ၈၁ နှစ်အရွယ် ဘိုင်ဒင်က ပြောကြားခဲ့ပြီး ဒီမိုကရေစီအတွက် အန္တရာယ်ဖြစ်သည်ဟု ဘိုင်ဒင်အကြိမ်ကြိမ်ပြောကြားခဲ့သော ထရန့်ကို ဂုဏ်ယူဝမ်းမြောက်ကြောင်းပြော ကြားခဲ့သည်။ အာဏာလွှဲပြောင်းမှုကို ညင်ညင်သာသာ ဆောင်ရွက်သွားမည်ဟု ဂျိုးဘိုုင်ဒင်က ပြောကြားခဲ့သည်။

ဇူလိုင်လထဲတွင် သမ္မတရွေးပွဲမှ နုတ်ထွက်ခဲ့ပြီး ၎င်း၏နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်သော ကာမလာဟဲရစ် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည်ကို ကြုံတွေ့ခဲ့ရသော ဂျိုးဘိုင်ဒင်က  ထရန့်ကို ကူညီဆောင်ကြဉ်းပေးရန် တတ်နိုင် သည့် ကိစ္စအားလုံးကို မိမိလုပ်ဆောင်ပေးမည်ဟု ပြောကြားခဲ့သည်။

နှစ်ဦးပေါင်းအသက် ၁၅၉ နှစ်ရှိသော သမ္မတနှစ်ဦး လက်ဆွဲနှုတ်ဆက်ကြသည့်အခါ ထရန့်သည် ရှေ့ကို အနည်းငယ်ကိုင်းပြီး ဂျိုးဘိုင်ဒင်၏မျက်လုံးများကို ကြည့်နေခဲ့ကာ ဂျိုးဘိုင်ဒင်ကမူ အောက်ကို ကြည့်နေခဲ့သည်။

၂၀၂၁ ခုနှစ်တွင် အမေရိကန်လွှတ်တော်ကို တိုက်ခိုက်ခဲ့သော လူအုပ်ကိုထရန့်က ဒေါသထွက်ခဲ့သည်ဆိုသော်လည်း ယခုအိမ်ဖြူတော်သို့ အပြန်ခရီးတွင် ထရန့်သည် ရည်ရည်မွန်မွန် လေသံဖြင့်ပြောကြားခဲ့သည်။

“နိုင်ငံရေးဟာ ခက်ခဲပါတယ်။ ကိစ္စရပ်အတော်များများမှာ နိုင်ငံရေးဟာ အလွန်ကောင်းတဲ့ လောကတော့မဟုတ်ပါဘူး။ ဒီနေ့မှာတော့ နိုင်ငံရေးဟာ ယဉ်ကျေးရည်မွန်တဲ့ လောကဖြစ်နေပါတယ်။ ကျွန်တော်ဟာအဲဒီ နိုင်ငံရေးကို တော်တော်လေးသဘောကျနေပါတယ်”ဟု ၄၅ ဦးမြောက်အမေရိကန်သမ္မတ ဖြစ်ခဲ့ပြီး ၄၇ ဦးမြောက် အမေရိကန်သမ္မတဖြစ်လာတော့မည့် ထရန့်က ပြောကြားခဲ့သည်။

အာဏာကို ချောချောမွေ့မွေ့လွှဲပြောင်းပေးနိုင်သည့်အခါ အာဏာလွှဲပြောင်းမှုသည် ချောချောမောမောဖြစ်လာလိမ့်မည်ဟု ထရန့်က ဖြည့်စွက်ပြောကြားခဲ့သည်။ ၎င်းတို့နှစ်ဦး၏ ဆွေးနွေးမှုသည် နှစ်နာရီနီပါး  ကြာမြင့်ခဲ့သည်။                                   

Ref: AFP

Most Read

Most Recent