ဖိလစ်ပိုင်တွင် တစ်လအတွင်း စတုတ္ထမြောက် တိုင်ဖွန်းဝင်ရောက်မှုကြောင့် လူပေါင်းထောင်ချီ ဘေးလွတ်ရာရွှေ့ပြောင်း

ဖိလစ်ပိုင်တွင် တစ်လအတွင်း စတုတ္ထမြောက် တိုင်ဖွန်းဝင်ရောက်မှုကြောင့် လူပေါင်းထောင်ချီ ဘေးလွတ်ရာရွှေ့ပြောင်း
Published 11 November 2024
Ref:AFP

ဖိလစ်ပိုင်နိုင်ငံတွင် တစ်လအတွင်း စတုတ္ထမြောက် တိုင်ဖွန်းမုန်တိုင်းဝင်ရောက် တိုက်ခတ်သောကြောင့် နိုဝင်ဘာ ၁၁ ရက်က လူပေါင်းထောင်ချီ ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ခဲ့ကြပြီး ဆိပ်ကမ်းများကိုပိတ်ထားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

တိုင်ဖွန်းတိုရာဂျီသည် မနီလာမြို့တော် အရှေ့မြောက်ပိုင်း မိုင် ၁၄၀ အကွာရှိ ဒီလာဆက်ဂျ်မြို့အနီးကို ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း အမျိုးသားမိုးလေဝသအေဂျင်စီက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဆီမှာ လေပြင်းတွေတိုက်ပြီး မိုးကြီးနေပါတယ်။ အချို့သစ်ပင်တွေဆို အမြစ်ကနေ လဲကျကုန်ပါတယ်။ မနေ့ကတည်းက(နိုဝင်ဘာ ၁၀) လျှပ်စစ်ဓာတ်အားကို ဖြတ်တောက်ထားပါတယ်” ဟု ဒီလာဆက်ဂျ်မြို့အနီးရှိ ဒီနာလန်ဂါမြို့မှ အရပ်ဘက်ကာကွယ်ရေးအကြီးအကဲ မာဝီနာပက်လီယိုက အေအက်ဖ်ပီသတင်းကို ပြောသည်။

အော်ရိုရာနှင့် အစ္စဘယ်လာပြည်နယ်များရှိ ကမ်းရိုးတန်းနေရာများ၊ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားလေ့ရှိသည့်နေရာများမှ လူ ၇၀၀၀ ခန့်ကို ဘေးလွတ်ရာရွှေ့ ပြောင်းပေးခဲ့ကြောင်း ကယ်ဆယ်ရေးသမားများက ပြောကြားခဲ့သည်။

ယင်းပြည်နယ်နှစ်ခုသည် တိုရာဂျီမုန်တိုင်းက ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ပြီး တောင်ထူထပ်သော လူဇွန်ကျွန်းတွင်းသို့ ဖြတ်သန်းမဝင်ရောက်မီ မုန်တိုင်းဒဏ်ကို ပထမဆုံးကြုံတွေ့ခံစားရသည့် ပြည်နယ်များ ဖြစ်သည်။

အစိုးရက နိုဝင်ဘာ ၁၀ ရက်တွင် ကျေးရွာပေါင်း ၂၅၀၀ မှ ဒေသခံများကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြရန် အမိန့်ထုတ်ပြန်ထားသော်လည်း အမျိုးသားသဘာဝဘေးအန္တရာယ်ရုံးက နိုဝင်ဘာ ၁၁ ရက်နေ့အထိ စုစုပေါင်း ဘေးလွတ်ရာ ပြောင်းရွှေ့သူအရေအတွက်ကို ထုတ်ပြန်ထားခြင်းမရှိပေ။

ဒီလာဆက်ဂျ်ကမ်းရိုးတန်းတွင်အသက် ၃၁ နှစ်အရွယ် ကျောင်းဆရာတစ်ဦးဖြစ်သည့် ဂလန်းဘာလာနက်ဂျ်က တစ်နာရီလျှင်လေတိုက်နှုန်း ၈၀ ရှိသည့် လေပြင်းများတိုက်ခတ်မှုကို ဗီဒီယိုရိုက်ကူးထားခဲ့ပြီး ယင်းလေပြင်း များတိုက်ခတ်မှုကြောင့် ၎င်း၏ကျေးလက်နေအိမ်တစ်ဝိုက်ရှိ အုန်းပင်များ ပြင်းပြင်းထန်ထန် လှုပ်ယမ်းခဲ့သည်။

“သစ်ပင်ကြီးတွေ လဲကုန်ပြီး ကျွန်တော်ကြားရသလောက် အချို့နေအိမ်တွေက ခေါင်မိုးတွေလည်း ပျက်စီးကုန်တယ်လို့ သိရပါတယ်။ မိုးကတော့ ဆက်တိုက်ရွာနေပြီး အနီးအနားက မြစ်မှာတော့ မြစ်ရေတက်နေပါတယ်” ဟု ၎င်းက အေအက်ဖ်ပီသတင်းကို ပြောကြားခဲ့သည်။

အမျိုးသားမိုးလေဝသအေဂျင်စီက လေပြင်းများတိုက်ခတ်ပြီး နိုင်ငံမြောက်ပိုင်းတွင် မိုးရေချိန်သည် ၂၀၀ မီလီမီတာကို ကျော်လွန်နိုင်ကာ မုန်တိုင်းကြောင့် လှိုင်းအမြင့့်သည် မြောက်ဘက်ကမ်းလွန်တွင် ၁၀ ပေအထိမြင့် တက်နိုင်ကြောင်း သတိပေးထားသည်။

နောက်ဆုံးအကြိမ်တိုက်ခတ်သည့် တိုင်ဖွန်းကို ပြင်းပြင်းထန်ထန်ကြုံတွေ့ခံစားရနိုင်ခြေရှိသာ နေရာများရှိ စာသင်ကျောင်းများနှင့် အစိုးရရုံးများကိုမူ ပိတ်ထားခဲ့သည်။

တိုင်ဖွန်းလမ်းကြောင်းပေါ်ရှိ သို့မဟုတ် အနီးရှိဆိပ်ကမ်းများတွင် ခရီးသည် ရဝဝနီးပါး သောင်တင်လျက်ရှိကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

Most Read

Most Recent