■ ကမ္ဘာ့ချန်ပီယံရှစ် ကာယဗလပြိုင်ပွဲတွင် မြန်မာကာယဗလလက်ရွေးစင် ရဲထွန်းနောင် ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိ

■ ကမ္ဘာ့ချန်ပီယံရှစ် ကာယဗလပြိုင်ပွဲတွင် မြန်မာကာယဗလလက်ရွေးစင် ရဲထွန်းနောင် ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိ
Photo: MBPF
Photo: MBPF
Published 10 November 2024

နိုဝင်ဘာ ၅ ရက်မှ ၁၁ ရက်အထိ မော်လ် ဒိုက်နိုင်ငံ$ကျင်းပသည့် ၁၅ ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံရှစ် ကာယဗလပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာ့လက်ရွေးစင်ကာယဗလကစားသမား ရဲထွန်းနောင် ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

မြန်မာကာယဗလအဖွဲ့သည် ယင်းပြိုင်ပွဲတွင် ကစားသမားတစ်ဦးတည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ရဲထွန်းနောင်က ရွှေတံဆိပ်ဆု ဆွတ်ခူးရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ရဲထွန်းနောင်သည် ကာယဗလ ၇၅ ကီလိုတန်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ဘက်ကစားသမားများကို ကျော်ဖြတ်ကာ အောင်မြင်မှုရခဲ့ခြင်းဖြစ်သည်။

ရဲထွန်းနောင်သည် ယခုနှစ်အတွင်းကျင်းပသည့် အာရှအဆင့်၊ ကမ္ဘာ့အဆင့်ပြိုင်ပွဲနှစ်ခုစလုံးတွင် ရွှေတံဆိပ်ဆု ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး သြဂုတ်လက အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် အာရှချန်ပီယံရှစ် ကာယဗလနှင့်  ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင်လည်း ကာယဗလ ၇၅ ကီလိုတန်းတွင် ရွှေတံဆိပ်ဆု ရယူနိုင်ခဲ့သည်။

ရဲထွန်းနောင်သည် ပြီးခဲ့သည့်နှစ်က ကျင်းပသည့် အာရှချန်ပီယံရှစ် ကာယဗလပြိုင်ပွဲ၊ ကမ္ဘာ့ချန်ပီယံရှစ် ကာယဗလပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲနှစ်ခုစလုံးတွင် ငွေတံဆိပ်ဆုဖြင့် ကျေနပ်ခဲ့ရသော်လည်း ယခုနှစ်တွင်မူ ပြိုင်ပွဲနှစ်ခုစလုံး ရွှေတံဆိပ်ဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။  

မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်သည် ယခုနောက်ပိုင်းနှစ်များတွင် အရှေ့တောင်အာရှအဆင့်၊ အာရှအဆင့်၊ ကမ္ဘာ့အဆင့် ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုအပါအဝင် အောင်မြင်မှုများ ဆက်တိုက်ရယူလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent