အေစီမီလန်အသင်းတိုက်စစ်မှူး မိုရာတာသည် လေ့ကျင့်ရေးကွင်း၌ ဦးခေါင်းဒဏ်ရာရရှိခဲ့သောကြောင့် ဆေးရုံပို့ဆောင်ခဲ့ရကြောင်း သိရသည်။
မိုရာတာသည် နိုဝင်ဘာ ၇ ရက်က လေ့ကျင့်မှုအစီအစဉ်တွင် ခေါင်းခုန်တိုက်ရာမှ အသင်းဖော်တစ်ဦးနှင့် ထိခိုက်မိသဖြင့် ဦးခေါင်းဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း အေစီမီလန်အသင်းက အတည်ပြုကြေညာခဲ့သည်။ ၎င်းအနေဖြင့် ဆေးရုံမှပြန်ဆင်းခွင့်မရသေး ဘဲ စစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရမည် ဖြစ်သောကြောင့် ကာဂလီယာရီအသင်းနှင့် ယနေ့ (နိုဝင်ဘာ ၉ ရက်) ကစားမည့် စီးရီး အေအဝေးကွင်းပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေသည်။
"ယနေ့နံနက်ပိုင်း လေ့ကျင့်မှုအစီအစဉ်မှာ ထိခိုက်မှုဖြစ်ပွားပြီးတဲ့နောက် မိုရာတာက ပြင်းထန်တဲ့ ဦးနှောက်ဒဏ်ရာရရှိခဲ့ပါတယ်။ သူ့ကို ဆေးရုံအမြန်ပို့ခဲ့ရပြီး MRI စစ်ဆေးမှု အရ အနုတ်လက္ခဏာဆောင်တဲ့ရလဒ် ထွက်လာပါတယ်။ အယ်လ်ဗာရိုက သက်သာလာပါပြီ။ အဲဒီလို အလားတူကိစ္စမျိုးတွေအတွက် လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်ဆောင်ဖို့ ဆေးရုံမှာ ဆက်လက်စောင့်ကြည့်ရမှာပါ" ဟု အေစီမီလန်အသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အသက် ၃၂ နှစ်ရှိပြီဖြစ်သူ မိုရာတာသည် ယခုနှစ် ဇူလိုင်တွင် အက်သလက်တီကိုအသင်းမှ အေစီမီလန်အသင်းသို့ ပြောင်းရွှေ့လာခြင်းဖြစ်ပြီး လေးနှစ်စာချုပ် ချုပ်ဆိုထားသည်။ ၎င်းအနေဖြင့် ယခုရာသီတွင် အနည်းဆုံး ဂိုး ၂၀ သွင်းယူနိုင်ပါက စာချုပ်သက်တမ်းကို တစ်နှစ်တိုးမြှင့်နိုင်သည့်အချက်လည်း ထည့်သွင်းထားကြောင်း သိရသည်။
မိုရာတာသည် အေစီမီလန်အသင်းအတွက် လက်ရှိအချိန်အထိ ပြိုင်ပွဲစုံ ၁၂ ပွဲ ကစား၊ သုံးဂိုးသွင်းယူပေးထားသည်။