နစက ဥက္ကဋ္ဌ၏ တရုတ်နိုင်ငံခရီးစဉ်တွင် ယူနန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူးနှင့် တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အတူတကွ ပူးပေါင်း၍ အရှိန်မြှင့်တင် ဆောင်ရွက်သွားရန်လိုအပ်မှု အခြေအနေများအား ဆွေးနွေး

နစက ဥက္ကဋ္ဌ၏ တရုတ်နိုင်ငံခရီးစဉ်တွင် ယူနန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူးနှင့် တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အတူတကွ ပူးပေါင်း၍ အရှိန်မြှင့်တင် ဆောင်ရွက်သွားရန်လိုအပ်မှု အခြေအနေများအား ဆွေးနွေး
Published 6 November 2024

နစက ဥက္ကဋ္ဌ၏ တရုတ်နိုင်ငံခရီးစဉ်တွင် ယူနန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူးနှင့် တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အတူတကွပူးပေါင်း၍ အရှိန်မြှင့်တင်ဆောင်ရွက်သွားရန်လိုအပ်မှု အခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူး H.E. Mr. Wang Ning နှင့် ယနေ့(နိုဝင်ဘာ ၅ ရက်)ညနေပိုင်းတွင် ကူမင်းမြို့ရှိ Haigeng Hotel ဧည့်ခန်းမဆောင်၌တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့သို့ တွေ့ဆုံဆွေးနွေးရာ၌ တရုတ်နိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ယူနန် ပြည်နယ်မှ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုအပ်ပါကြောင်း ဦးစွာပြောကြားပြီး ယူနန်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်နေမှုအခြေအနေများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရှိစေရေး ဆောင် ရွက်လျက်ရှိမှု၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံအကြား သံတမန်ရေးအရ၊ စီးပွားရေးအရ ကူးလူးဆက်ဆံဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်၍ နယ်ပယ်အလိုက် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်မှုများကို အတူတကွပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံသဘောတူညီပြီးဖြစ်သည့် စီမံကိန်းလုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် နစက ဥက္ကဋ္ဌက ယခုကဲ့သို့ မိမိတို့ကိုယ်စားလှယ်အဖွဲ့အား ယူနန်ပြည်နယ်မှ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခဲ့ပြီး ဧည့်ဝတ်ကျေပွန်မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် သံတမန်ဆက်ဆံမှု ၇၅ နှစ် စိန်ရတုကာလသို့ မကြာမီရောက်ရှိတော့ မည်ဖြစ်ပြီး နှစ်နိုင်ငံအကြားနက်ရှိုင်းသည့် ဆက်ဆံရေးကောင်းများရှိကာ အိမ်နီးချင်း ကောင်းနိုင်ငံများ ဖြစ်ကြောင်းဖြင့် ပြောကြားပြီး နှစ်နိုင်ငံအကြားခွဲခြား၍မရသည့် ဆက်ဆံရေးကောင်းကို ပိုင်ဆိုင်ထားပြီးဖြစ်သကဲ့သို့ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံသည်လည်း ခွဲခြား၍မရနိုင်ဘဲ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား နှစ်ဖက်ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်သွားရန်လိုအပ်မှု၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှသာလျင် သွင်းကုန်၊ ပို့ကုန် ကဏ္ဍကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပြီး စီးပွားရေးအရ ကူးလူး ဆက်သွယ်မှုကို ပိုမိုအကောင်အထည်ဖော်နိုင်မည်ဖြစ်သဖြင့် နှစ်နိုင်ငံအကြား နယ်စပ် ဒေသတည်ငြိမ်အေးချမ်းရေးကို အတူတကွပူးပေါင်း၍ အရှိန်မြှင့်တင် ဆောင်ရွက်သွား ရန်လိုအပ်မှု အခြေအနေများအား ဆွေးနွေးပြောကြားသည်။

ထို့အပြင် ကမ္ဘာတစ်ဝန်း၌ တိုးတက်လာသည့် လူဦးရေနှင့်အတူ ကြုံတွေ့လာရသည့် စားရေရိက္ခာ လိုအပ်ချက်အား မြန်မာနိုင်ငံအနေဖြင့် ဖြည့်ဆည်းပေးနိုင်မည့် အရင်းအမြစ်ကောင်းများစွာ ပိုင်ဆိုင်ထားသည့်အတွက် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မှု၊ စိုက်ပျိုးမွေးမြူရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲ သစ်တောထွက်သယံဇာတများကို အခြေခံသည့် စက်မှုလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လိုမှု အခြေအနေများအား နစက ဥက္ကဋ္ဌက ဆွေးနွေးပြောကြားသည်။

ထို့အပြင် ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုတို့ အပါအဝင် အခြားသောကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက် သွားရန်မြန်မာနိုင်ငံဘက်မှ အသင့်ရှိသည့် အခြေအနေများနှင့် နှစ်ဖက်ကူးလူးဆက်ဆံ သွားလာရေးတွင် လုံခြုံချောမွေ့ရေးအတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍လည်း နစက ဥက္ကဋ္ဌက ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ရင်းနှီး မြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက် မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ လူသားအရင်းအမြစ် လေ့ကျင့် မွေးထုတ်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင်လိုက်ပါ လာကြသည့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီ ကော်မတီအတွင်းရေးမှူးနှင့်အတူ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် အမြဲတမ်းကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။



 

Most Read

Most Recent