အမေရိကန်ရွေးကောက်ပွဲမတိုင်မီ မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်များကို တစ်ပြိုင်တည်း ပစ်လွှတ်

အမေရိကန်ရွေးကောက်ပွဲမတိုင်မီ မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်များကို တစ်ပြိုင်တည်း ပစ်လွှတ်
Photo-AFP
Photo-AFP
Published 5 November 2024

နိုဝင်ဘာ ၅ ရက် စောစောပိုင်းတွင် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်များကို တစ်ပြိုင်တည်းပစ်လွှတ်ခဲ့ သည်ဟု တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပြီး ယင်းသည်ရက်ပိုင်းအတွင်း မြောက်ကိုရီးယား၏ဒုတိ ယအကြိမ်မြောက်ပစ်လွှတ်မှုဖြစ်ကာ အမေရိကန်ပြည်သူများက သမ္မတသစ်အတွက်မဲမပေးမီ နာရီပိုင်းအတွင်း ဒုံးကျည်များကို ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။

နျူကလီးယားလက်နက်တပ်ဆင်ထား သော မြောက်ကိုရီးယားသည် နိုင်ငံ၏အ ဆင့်အမြင့်ဆုံးနှင့် အားအကောင်းဆုံး လောင်စာခဲသုံး တိုက်ချင်းပစ် ဒုံးကျည်ဟုဆိုသည့် ဒုံးကျည်ကို လွန်ခဲ့သော သီတင်းပတ်တွင် ပစ်လွှတ်ခဲ့သည်။ ယူကရိန်းကို တိုက်ခိုက်ရာတွင် ရုရှားကိုအကူအညီပေးရေးအတွက် မြောက်ကိုရီးယားက စစ်သားများ စေလွှတ်ခဲ့သည်ဟု စွပ်စွဲခံရပြီးနောက်ပိုင်း တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုသည် ခေါင်း ဆောင်ကင်ဂျုံအွန်၏ပထမဆုံး လက်နက်စမ်းသပ်မှုဖြစ်သည်။

စစ်သားများ ဖြန့်ကြက်မှုကို ငြင်းဆန်ထားသော မြောက်ကိုရီးယားသည် ၎င်း၏စစ်သားများကို ရုပ်သိမ်းရန် နိုင်ငံတကာ ဖိအားပေးမှုတိုးလာသော အနေအထားကို ရင် ဆိုင်နေရသည်။ မြောက်ကိုရီးယားစစ်သား ထောင်ပေါင်းများစွာကို ကာ့ရှ်ဒေသအပါအဝင် ရှေ့တန်းဧရိယာများတွင် ဖြန့်ကြက်နေသည်ဟု နိုဝင်ဘာ ၅ ရက်တွင် ဆိုးလ်က သတိပေးခဲ့သည်။

နိုဝင်ဘာ ၅ ရက် နံနက် ၇ နာရီ ၃၀ မိနစ် ဝန်းကျင်တွင်တာတိုပစ် ပဲ့ထိန်းဒုံးကျည်များကို ကိုရီးယားကျွန်းဆွယ်၏အရှေ့ဘက်ရှိ ရေပြင်သို့ ပစ်လွှတ်ခဲ့သည်ကို တွေ့ရှိခဲ့သည်ဟု တောင်ကိုရီးယား ပူးတွဲကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။

ဒုံးကျည်များသည် ခန့်မှန်းခြေ ၂၄၈ မိုင် (ကီလိုမီတာ ၄၀၀) အထိ ပျံသန်းခဲ့သည်ဟု ဆိုသည်။ တောင်ကိုရီးယားစစ်တပ်သည် ယင်းဒုံးကျည်များ ပျံသန်းသွားသည့် အချိန်နှင့်တစ်ပြေးညီ ခြေရာခံခဲ့ပြီး ဒုံးကျည်ပစ်လွှတ်သည့်သတင်းကိုလည်း ဂျပန်နှင့်အမေရိကန်သို့ပေးခဲ့သည်ဟု ဆိုသည်။

“နောက်ထပ် ပစ်လွှတ်မှုတွေအတွက် ပြင်ဆင်ရာမှာ ကျွန်တော်တို့ရဲ့စစ်တပ်က စောင့်ကြည့်မှုနဲ့ နိုးနိုးကြားကြားရှိမှုတို့ကို အားကောင်းအောင်လုပ်ထားပါတယ်”ဟု တောင်ကိုရီးယား ပူးတွဲကာကွယ်ရေးဦးစီးချုပ် က ဖြည့်စွက်ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏နောက်ဆုံး လက်နက်စမ်းသပ်မှုများကို ဂျပန်ကလည်း အတည်ပြုခဲ့သည်။ ဂျပန်အစိုးရ ထိပ်တန်းပြောရေး ဆိုခွင့်ရှိသူ ယိုရှီမာဆာဟာယာရှီက “မြောက်ကိုရီးယားရဲ့ပဲ့ထိန်းဒုံးကျည်တွေ ထပ်တလဲ လဲပစ်လွှတ်မှုတွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ခြိမ်းခြောက်နေပါတယ်”ဟု ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏တိုက်ချင်းပစ်ဒုံး ကျည်စမ်းသပ်ပစ်လွှတ်မှုကို တုံ့ပြန်သည့်အနေဖြင့် နိုဝင်ဘာ ၃ ရက်တွင် တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်ပြည်ထောင်စုတို့က ပူးတွဲလေကြောင်း စစ်ရေးလေ့ကျင့်မှုကိုပြုလုပ်ခဲ့ရာ ယင်းစစ်ရေးလေ့ကျင့်မှုတွင် အမေရိကန် B-1B ဗုံးကြဲလေယာဉ်၊ တောင်ကိုရီးယား၏ F-15K နှင့် KF-16 ဂျက်တိုက်လေယာဉ် များ၊ ဂျပန်၏ F-2 ဂျက်တိုက်လေယာဉ်များ ပါဝင်ခဲ့သည်။

ယင်းသို့သော စစ်ရေးလေ့ကျင့်မှုများက မြောက်ကိုရီးယားကို ဒေါသထွက်စေသည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုများသည် မြောက်ကိုရီးယားကိုကျူးကျော်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်မှုများအဖြစ် ပြုံယမ်းက မြင်ထားသည်။

မြောက်ကိုရီးယား၏တာတိုပစ်ပဲ့ထိန်း ဒုံးကျည်များ နောက်ဆုံးပစ်လွှတ်မှုသည် တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်တို့၏ ပူးတွဲလေကြောင်း စစ်ရေးလေ့ကျင့်မှုများကို တုံ့ပြန်မှုဖြစ်သည်ဟု ကာကွယ်ရေးစက်မှုလုပ် ငန်းလေ့လာမှုများဆိုင်ရာ ကိုရီးယားအစည်းအရုံး၏ ဟန်ကွမ်ဟီးက အေအက်ဖ်ပီကို ပြောကြားခဲ့ပြီး တာဝေးပစ် ဒုံးကျည်များဖြင့် အမေရိကန်၊တာတိုပစ်ဒုံးကျည်များဖြင့် တောင်ကိုရီးယားနှင့်ဂျပန်တို့ကိုပစ်နိုင်ကြောင်း ပြသခြင်းဖြစ်သည်ဟုဆိုသည်။           

Ref;AFP

Most Read

Most Recent