အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် မိမိကိုယ်ကိုယ် ခုခံကာကွယ်သွားမည်ဟု အီရန် သတိပေး

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် မိမိကိုယ်ကိုယ် ခုခံကာကွယ်သွားမည်ဟု အီရန် သတိပေး
အောက်တိုဘာ ၂၆ ရက်က အစ္စရေးစစ်တပ်က ထုတ်ပြန်သည့် ဓာတ်ပုံတွင် အစ္စရေးတိုက်လေယာဉ်တစ်စီးကို တွေ့ရစဉ်(Photo:AFP)
အောက်တိုဘာ ၂၆ ရက်က အစ္စရေးစစ်တပ်က ထုတ်ပြန်သည့် ဓာတ်ပုံတွင် အစ္စရေးတိုက်လေယာဉ်တစ်စီးကို တွေ့ရစဉ်(Photo:AFP)
Published 28 October 2024

အစ္စရေးက အီရန်ကို လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် အီရန် စစ်သားလေးဦး သေဆုံးခဲ့ပြီးနောက် မိမိကိုယ်ကိုယ် ခုခံကာကွယ်သွားမည်ဟု အီရန်က အောက်တိုဘာ ၂၆ ရက်တွင် သတိပေးခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသတွင် မီးကုန်ယမ်းကုန် စစ်ပွဲဖြစ်ပွားမည့် အခြေအနေအတွက် စိုးရိမ်စိတ်များ မြင့်တက်စေခဲ့သည်။

အစ္စရေးကမူ အီရန်အနေဖြင့် မိမိတို့၏ လေကြောင်းတိုက်ခိုက်မှုကို တုံ့ပြန်မည်ဆိုပါက ကြီးမားစွာ ပြန်လည်ပေးဆပ်ရမည်ဟု သတိပေးခဲ့ပြီး အမေရိကန်၊ ဂျာမနီနှင့် ဗြိတိန်တို့ကလည်း အီရန်အနေဖြင့် ပဋိပက္ခကို ပိုမိုကြီးထွားအောင် မလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

အီရန်ကို အစ္စရေးက အောက်တိုဘာ ၂၆ ရက်တွင် လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် ထိုတိုက်ခိုက်မှုသည် အဆုံးသတ်တစ်ခု ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့ပြီး အစ္စရေး၏ တိုက်ခိုက်မှုများသည် စစ်ရေးပစ်မှတ်များထက် ကျော်လွန်ပြီး မည်သည့်အရာကိုမှ ထိမှန်ခြင်းမရှိခဲ့ကြောင်း ဘိုင်ဒင်က ဆိုသည်။

အစ္စရေးအနေဖြင့် အီရန်ကို တုံ့ပြန်တိုက်ခိုက်မှုများတွင် နျူကလီးယားနှင့် ရေနံစက်ရုံများကို တိုက်ခိုက်ခြင်းမပြုရန်လည်း ဘိုင်ဒင်က အစ္စရေးကို တောင်းဆိုခဲ့ပြီး၊ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီကလည်း အစ္စရေး၏ တိုက်ခိုက်မှုများသည် အီရန်၏ နျူကလီးယားစက်ရုံများကို ထိမှန်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂကလည်း သက်ဆိုင်ရာ နိုင်ငံများနှင့် အဖွဲ့အစည်းများအနေဖြင့် ထိန်းမနိုင်၊ သိမ်းမရအခြေအနေကို ရှောင်ရှားနိုင်ရန်အတွက် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန် တိုက်တွန်းခဲ့သည်။

အီရန်၏ မဟာမိတ်နိုင်ငံအများစုအပါအဝင် အခြားနိုင်ငံများကမူ အစ္စရေး၏ တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ရုရှားကဲ့သို့ အချို့နိုင်ငံများကမူ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန် နှစ်ဖက်စလုံးကို တိုက်တွန်းခဲ့သည်။

အီရန်ကမူ မိမိကိုယ်ကိုယ် ခုခံကာကွယ်ရန် အခွင့်အရေးနှင့် တာဝန်ရှိကြောင်း ပြောကြားခဲ့ကာ လက်ဘနွန်ရှိ အီရန်၏ မဟာမိတ် ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း အစ္စရေးနိုင်ငံ မြောက်ပိုင်းကို ဒုံးကျည်များဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း အောက်တိုဘာ ၂၆ ရက်က ပြောကြားခဲ့သည်။

အောက်တိုဘာ ၂၆ ရက်တွင် နယ်စပ်ဒေသ၌  ဒုံးလက်နက်ထိပ်ဖူး ၈၀ ခန့် ပစ်လွှတ် တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

နောက်ပိုင်းတွင် ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးနိုင်ငံအတွင်းရှိ ဒါဇင်နှင့်ချီသည့် နေရာဒေသများတွင် ဘေးလွတ်ရာပြောင်းရွှေ့ရန် သတိပေးချက်များ ထုတ်ပြန်ခဲ့ပြီး အစ္စရေး စစ်တပ်ကလည်း ဘေရွတ်မြို့တော် တောင်ပိုင်းရှိ ရပ်ကွက်နှစ်ခုတွင် နေထိုင်သူများကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြရန် အလားတူ သတိပေးချက် ထုတ်ပြန်ခဲ့သည်။

အစ္စရေးသည် လက်ဘနွန်၏ ဘေရွတ်မြို့တော် တောင်ပိုင်းဆင်ခြေဖုံး ရပ်ကွက်များကိုလည်း စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု လက်ဘနွန်နိုင်ငံပိုင် NNA သတင်းအေဂျင်စီက အောက်တိုဘာ ၂၇ ရက်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

အီရန်၏ မြို့တော်တီဟီရန် ကောင်းကင်ယံများ အနီးတွင် လေယာဉ်ဖျက် သေနတ်သံများနှင့် ပေါက်ကွဲသံများ ကြားရပြီးနောက် အစ္စရေးစစ်တပ်က အီရန်၏ ပြည်နယ်အချို့ရှိ ဒုံးကျည်စက်ရုံများနှင့် စစ်ဘက်ဆိုင်ရာ အ ဆောက်အအုံများကို လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့သည်။

မကြာသေးမီက အီရန်က အစ္စရေးကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကို တုံ့ပြန်သည့်အနေဖြင် ယခုကဲ့သို့ လေကြောင်း တိုက်ခိုက်မှုဖြင့် တုံ့ပြန်ခဲ့ခြင်းဖြစ်ပြီး အစ္စရေး လေယာဉ်များသည် ဘေးကင်းစွာ ပြန်လည် ရောက်ရှိခဲ့ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။                           

Ref:AFP

Most Read

Most Recent