ရုရှားတွင် မြောက်ကိုရီးယားစစ်သား ၃၀၀၀ ခန့် စစ်သင်တန်းများလေ့ကျင့်နေကြောင်း အမေရိကန် ပြောကြား

ရုရှားတွင် မြောက်ကိုရီးယားစစ်သား ၃၀၀၀ ခန့် စစ်သင်တန်းများလေ့ကျင့်နေကြောင်း အမေရိကန် ပြောကြား
Photo: AFP
Photo: AFP
Published 24 October 2024

ရုရှားနိုင်ငံသို့ မြောက်ကိုရီးယားစစ်သား ၃၀၀၀ ထက်မနည်း စေလွှတ်ခံခဲ့ရပြီး ထိုစစ်သားများသည် ရုရှားတွင် စစ်သင်တန်းများ လေ့ကျင့်နေကြောင်း အမေရိကန်က အောက်တိုဘာ ၂၃ ရက်တွင် ပြောကြားခဲ့ပြီး ထို မြောက်ကိုရီးယားစစ်သားများသည် ယူကရိန်းစစ်ပွဲတွင် ပါဝင်လာမည်ဆိုပါက ယူကရိန်းအတွက် တရားဝင်မှုရှိသည့်ပစ်မှတ်များဖြစ်လာလိမ့်မည်ဟု သတိပေးခဲ့သည်။

မြောက်ကိုရီးယားသည် ရုရှားကို လက်နက်များ ထောက်ပံ့ပေးနေသည်ဆိုသည့် စွပ်စွဲမှုများနှင့် ကာလကြာရှည်ရင်ဆိုင်နေရမှုနှင့်အတူ ယူကရိန်းစစ်ပွဲအတွင်း ရုရှားနှင့် မြောက်ကိုရီးယားသည် ၎င်းတို့၏ နိုင်ငံရေးနှင့် စစ်ရေးမဟာမိတ်ကို မြှင့်တင်ခဲ့သည်။

သို့သော် ရုရှားတပ်ဖွဲ့များကိုကူညီရန် မြောက်ကိုရီးယားက စစ်သားများဖြန့်ကြက်ချထားမှုသည် အလွန်သိသာထင်ရှားသည့် စစ်ရေးအကူအညီတစ်ခုဖြစ်လာလိမ့်မည်ဖြစ်ပြီး ယူကရိန်းနှင့် ၎င်းအား ထောက်ပံ့ပေးနေသည့် အနောက်နိုင်ငံများထံမှ သတိပေးချက်များကို ထွက်ပေါ်လာစေခဲ့သည်။

“အောက်တိုဘာလ အစပိုင်းကနေ လလယ်ပိုင်းအကြား မြောက်ကိုရီးယားဟာ ရုရှားနိုင်ငံအရှေ့ပိုင်းကို စစ်သား ၃၀၀၀ ထက် မနည်းစေလွှတ်ခဲ့ပါတယ်”ဟု အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက သတင်းထောက်များကို ပြောကြားခဲ့သည်။

ထိုစစ်သားများကို မြောက်ကိုရီးယားမှ ဗလာဒီဗော့စတော့မြို့သို့ သင်္ဘောဖြင့်ပို့ ဆောင်ခဲ့ခြင်းဖြစ်ပြီး ရုရှားအရှေ့ပိုင်းရှိ စစ်သင်တန်းများလေ့ကျင့်သည့် စခန်းများကိုပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကာဘီက ပြော ကြားခဲ့သည်။

“အဲဒီစစ်သားတွေဟာ ရုရှားစစ်တပ်နဲ့အတူ တိုက်ပွဲဝင်မှာ ဟုတ်၊မဟုတ်ကို ကျွန်တော်တို့ မသိရသေးပါဘူး။ ဒါပေမယ့် မြောက်ကိုရီးယားစစ်သားတွေဟာ ယူကရိန်းကို တိုက်ခိုက်မှုမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူတို့ တွေဟာ တရားဝင်မှုရှိတဲ့ စစ်ရေးပစ်မှတ်တွေ ဖြစ်လာပါလိမ့်မယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်ကလည်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက မြောက်ကိုရီးယားသည် ယူကရိန်းကို တိုက်ခိုက်ရန် စစ်သားအင်အားအများအပြားကို ရုရှားသို့ စေလွှတ်ရန်ဆုံးဖြတ်ခဲ့ကြောင်း ပြော ကြားခဲ့သည်။

ထိုအချိန်ကတည်းက မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာသည် ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။

ရုှရားနိုင်ငံကလည်း ထိုသတင်းများနှင့် ပတ်သက်ပြီး အောက်တိုဘာ ၂၃ ရက်တွင် အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခဲ့ခြင်းမရှိပေ။

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုကမူ ယူကရိန်းကို တိုက်ခိုက်မှုတွင် ရုရှားကို ကူညီရန် မြောက်ကိုရီးယားစစ်သားများ ထောင်ချီစေလွှတ်နေမှုနှင့်ပတ်သက်ပြီး တောင်ကိုရီးယားက မသိသလို ထိုင်ကြည့်နေမည်မဟုတ်ကြောင်း အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ စစ်သားများဖြန့်ကြက်ချထားမှုသည် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကို ခြိမ်းခြောက်နေသည့် ရန်လိုသည့်လုပ်ရပ်ဖြစ်ကြောင်း ယွန်းက တောင်ကိုရီးယားသို့ ရောက်ရှိလာသည့် ပိုလန်သမ္မတ အန်ဒရက်ဇ် ဒူဒါနှင့် ဆွေးနွေးပွဲပြုလုပ်ပြီးနောက် ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent