မန်စီးတီးအသင်း ရမှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံရပါက ၂၀၁၇-၂၀၁၈ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအပြင် အပိုဆုကြေးပါ မိမိရရှိနိုင်ကြောင်း မော်ရင်ဟို ပြောကြား

မန်စီးတီးအသင်း ရမှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံရပါက ၂၀၁၇-၂၀၁၈ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအပြင် အပိုဆုကြေးပါ မိမိရရှိနိုင်ကြောင်း မော်ရင်ဟို ပြောကြား
Photo: UEFA
Photo: UEFA
Published 24 October 2024

ဖီနာဘာချီအသင်းနည်းပြ ဂျိုဆေးမော်ရင်ဟိုက မန်စီးတီးအသင်း ရမှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံရပါက ၂၀၁၇-၂၀၁၈ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအပြင် အပိုဆုကြေးပါ မိမိရရှိနိုင်ကြောင်း ထုတ်ဖော်ပြောကြားသည်။

မော်ရင်ဟိုသည် အသင်းဟောင်း မန်ယူ နှင့် ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ပြန်လည်ရင်ဆိုင်ခဲ့ရပြီး ယင်းပွဲမတိုင်မီ အောက်တိုဘာ ၂၃ ရက်ကပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။

မော်ရင်ဟိုသည် မန်ယူအသင်းအား ၂၀၁၆ ခုနှစ် နွေရာသီမှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာအထိ ကိုင်တွယ်ခဲ့ဖူးပြီး ၂၀၁၆-၂၀၁၇ ရာသီတွင် လိဂ်ဖလား၊ ယူရိုပါလိဂ်၊ ကွန်မြူနတီဒိုင်းရယူပေးခဲ့သလို ၂၀၁၇-၂၀၁၈ ရာသီတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အဆင့် ၂၊ FA ဖလားပြိုင်ပွဲ၌ ဗိုလ်လုပွဲအဆင့် ရပ်တည်နိုင်ရန် စွမ်းဆောင်ပေးခဲ့သည်။

မန်စီးတီးအသင်းမှာ ၂၀၀၉ မှ ၂၀၁၈ ခုနှစ်အတွင်း ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှု ၁၁၅ ခုဖြင့် စွဲချက်တင်ခံထားရပြီး ရမှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံရပါက ၂၀၁၇-၂၀၁၈ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လွှဲပြောင်းရယူနိုင်ရန် မော်ရင် ဟိုက မျှော်လင့်နေခြင်းဖြစ်သည်။

''ကျွန်တော်တို့ ၂၀၁၇ မှာ ယူရိုပါလိဂ်ရခဲ့ပြီး ၂၀၁၈ မှာ ပရီးမီးယားလိဂ်ဒုတိယရခဲ့တာ ခင်ဗျားသိပါတယ်။ အဲဒီအမှတ်ပေးချန်ပီယံဆုကိုရယူနိုင်ဖို့ ကျွန်တော်တို့ အခွင့်အရေးရှိနေတုန်းပဲလို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ မန်စီးတီးသာ ရမှတ်လျှော့ပြစ်ဒဏ် ချခံရရင် ကျွန်တော်တို့ ချန်ပီယံဆုရနိုင်လို့ပါပဲ။ အဲဒီအခါကျရင် သူတို့ (မန်ယူအသင်း)  ကျွန်တော့်ကို အပိုဆုကြေးပေးရမယ်။ ဆုတံဆိပ်လည်း ကျွန်တော့်ကို ပေးရပါမယ်'' ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် ဂန္ထဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်ကို မန်ယူအသင်းက သံတမန်ရာထူးမှ ဖယ်ရှားခြင်းနှင့်ပတ်သက်၍ မော်ရင်ဟိုက ''သူက မယုံနိုင်စရာကောင်းသလို အံ့သြစရာလည်း ကောင်းပါတယ်။ ကျွန်တော့်ရဲ့ Netflix မှတ်တမ်းရုပ်ရှင်ထွက်လာတဲ့အခါ ကျွန်တော် ဘာကြောင့် ဒီလောက်အထိလေးစားမှုခံရလဲဆိုတာ ခင်ဗျားသိပါလိမ့်မယ်။ အခြေအနေတွေကို ကျွန်တော်မသိပါဘူး။ ဘာကြောင့်လဲ၊ ဘာအတွက်လဲ ဆိုတာတွေက အရေးမကြီးပါဘူး။ သူက ကမ္ဘာတစ်ဝန်းက မန်ယူနိုက်တက်ပရိသတ်တွေရဲ့ လေးစားမှုနဲ့ ချစ်ခင်မှု ရရှိထားသူပါ။ အဲဒါက သံတမန်ရာထူး၊ သူမလိုအပ်တဲ့ ငွေကြေးတွေထက် ပိုအရေးကြီးပါတယ်'' ဟု ဆက်လက်ပြောကြားသည်။

မန်ယူအသင်း၏ အနာဂတ်အောင်မြင်မှု နှင့်ပတ်သက်၍လည်း ၎င်းက ''အနှေးနဲ့ အမြန်ဆိုသလို သူတို့အောင်မြင်ပါလိမ့်မယ်။ အဲဒါက မကြာခင်ဖြစ်ဖို့ မျှော်လင့်ပါတယ်။ တစ်နေ့မှာ ပရီးမီးယားလိဂ်ကို ကျွန်တော် ပြန်သွားပြီးတော့ သူတို့နဲ့ ပြိုင်ဘက်အဖြစ် ရင်မဆိုင်ရခင် အဲဒီအောင်မြင်မှုရဖို့ မျှော်လင့်ပါတယ်'' ဟု ဆိုသည်။

Most Read

Most Recent