ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲများအား အောက်တိုဘာ ၂၁ ရက်တွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၆)တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူများသည် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲများ ပြုလုပ်ခဲ့ပြီး သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၆)မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)ကို ၂၀၂၄ ခုနှစ်၊ ဧပြီ ၈ ရက်မှ စတင်၍ ဖွင့်လှစ် သင်ကြားပေးခဲ့ရာ ယခုအခါ ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၆)ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်ကြောင်းလည်း နစကမှ ထုတ်ပြန်ထားသည်။