၂၀၂၄ အာဆီယံအမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို မြန်မာအပါအဝင် အသင်းငါးသင်းဖြင့် ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် နိုဝင်ဘာတွင် လက်ခံကျင်းပမည်

၂၀၂၄ အာဆီယံအမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို မြန်မာအပါအဝင် အသင်းငါးသင်းဖြင့် ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် နိုဝင်ဘာတွင် လက်ခံကျင်းပမည်
Photo: MFF
Photo: MFF
Published 21 October 2024

၂၀၂၄ အာဆီယံအမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို မြန်မာအမျိုးသမီးဖူဆယ်လက်ရွေးစင်အသင်းအပါအဝင် အသင်းငါးသင်းဖြင့် ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် နိုဝင်ဘာတွင် လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄ အာဆီယံအမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုမဲခွဲမှုနှင့် ပွဲစဉ်ရေးဆွဲမှုကို အောက်တိုဘာ ၂၁ ရက်က ဖိလစ်ပိုင်နိုင်ငံတွင်ပြုလုပ်ခဲ့သည်။

ပြိုင်ပွဲကို အိမ်ရှင်ဖိလစ်ပိုင်၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားအသင်း ငါးသင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် အုပ်စုပတ်လည် တစ်ကျော့စနစ်ဖြင့် ကျင်းပသွားမည်ဖြစ်သည်။

အုပ်စုပတ်လည်ပွဲစဉ်များအပြီးတွင် ထိပ်ဆုံးရပ်တည်မှုရ အသင်းနှစ်သင်းမှာ ဗိုလ်လုပွဲ၊ အဆင့်(၃၊ ၄) ရ အသင်းနှစ်သင်းမှာ တတိယနေရာလုပွဲများအဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားကြရမည်ဖြစ်သည်။

၂၀၂၄ အာဆီယံအမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ ပါဆစ်မြို့တွင် လာမည့်နိုဝင်ဘာ ၁၆ ရက်မှ ၂၁ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အုပ်စုပွဲများအဖြစ် နိုဝင်ဘာ ၁၆ ရက်တွင် အိမ်ရှင်ဖိလစ်ပိုင်၊ နိုဝင်ဘာ ၁၇ ရက်တွင် ဗီယက်နမ်၊ နိုဝင်ဘာ ၁၈ ရက်တွင် ထိုင်း၊ နိုဝင်ဘာ ၁၉ ရက်တွင် အင်ဒိုနီးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲများကို နိုဝင်ဘာ ၂၁ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် အာဆီယံအမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် ၂၀၂၄ အာဆီယံအမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ၂၀၂၅ အာရှဖလားအမျိုးသမီးဖူဆယ်ခြေစစ်ပွဲများအတွက် ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်မှစ၍ ပဏာမကစားသမား ၂၄ ဦးဖြင့် လေ့ကျင့်မှုများပြုလုပ်နေလျက်ရှိသည်။

မြန်မာအမျိုးသမီးဖူဆယ်အသင်းသည်   ၂၀၂၅ အာရှဖလားအမျိုးသမီးဖူဆယ်ခြေစစ်ပွဲတွင် အုပ်စုတွင်း၌ ဗီယက်နမ်၊ တရုတ်တိုင်ပေ၊ မကာအိုအသင်းတို့နှင့် ကျရောက်နေသည်။

မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အာရှဖလားအမျိုးသမီးဖူဆယ်ခြေစစ်ပွဲကို ၂၀၂၅ ခုနှစ် ဇန်နဝါရီတွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

Most Read

Most Recent