ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်ပွဲကျပ်များ ဆက်တိုက်ရှိနေသည့် လာမည့်ပွဲစဉ် ခုနစ်ပွဲပြီးမှသာ အခြေအနေကိုဆုံးဖြတ်ရန် အာနယ်ဆလော့ တိုက်တွန်း

ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်ပွဲကျပ်များ ဆက်တိုက်ရှိနေသည့် လာမည့်ပွဲစဉ် ခုနစ်ပွဲပြီးမှသာ အခြေအနေကိုဆုံးဖြတ်ရန် အာနယ်ဆလော့ တိုက်တွန်း
Photo: X
Photo: X
Published 21 October 2024

လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က ချယ်လ်ဆီးအသင်းကို အနိုင်ရသော်လည်း မိမိတို့၏ ချန်ပီယံဆုစိန်ခေါ်နိုင်မည့်အခြေအနေကို ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်ပွဲကျပ်များ ဆက်တိုက်ရှိနေသည့် လာမည့်ပွဲစဉ် ခုနစ်ပွဲပြီးမှသာ ဆုံးဖြတ်ရန် တိုက်တွန်းပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် အောက်တိုဘာ ၂၀ ရက်က ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ် ပွဲစဉ် (၈) တွင် ချယ်လ်ဆီးအသင်းအား အိမ်ကွင်း၌ (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။

လီဗာပူးလ်အသင်းအနေဖြင့် ယခုရာသီ ပြိုင်ပွဲစုံ ၁၁ ပွဲကစားအပြီးတွင် နော်တင်ဟမ်တစ်သင်းတည်းကိုသာ ရှုံးနိမ့်ပြီး ကျန် ၁၀ ပွဲစလုံး အနိုင်ရထားသည်။

ထို့ကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆု စိန်ခေါ်နိုင်မည့်အလားအလာနှင့်ပတ်သက်၍ မေးမြန်းရာ ဆလော့က ယခုလို ဖြေကြားခဲ့ခြင်းဖြစ်သည်။

''ဒီရလဒ်ကို ကျွန်တော် အရမ်းကျေနပ်ပါတယ်။ ကျွန်တော့်အမြင်ပြောရရင် ဒီပွဲက မျှတတဲ့ပွဲတစ်ပွဲဖြစ်ပြီး ကျွန်တော်တို့ ဂိုးမပေးရဖို့ တော်တော်ကြိုးစားခဲ့ရတယ်။ ကာတစ် (ဂျုံးစ်) နဲ့ ဒိုမီနစ်(ဆိုဘိုဆလိုင်း) တို့ရဲ့ ကောင်းမွန်တဲ့ တားဆီးမှုတွေက ကျွန်တော်တို့သွင်းခဲ့တဲ့ ဂိုးတွေလိုပဲ အရေးကြီးပါတယ်။ ဒါပေမဲ့ ဒီပွဲအပြီးမှာ ကျွန်တော်တို့ကို မဆုံးဖြတ်ဖို့ ပြောခဲ့ပါတယ်။ နောက်လာမယ့်ခုနစ်ပွဲပြီးမှ ကျွန်တော်တို့ကို ဆုံးဖြတ်ပေးပါ။ ကျွန်တော်တို့ရဲ့ အကြီးမားဆုံးစမ်းသပ်မှုက ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ထိပ်တန်းပွဲတွေကို သုံးရက်တစ်ကြိမ် ကစားရမှာပါ။ အဲဒါကို ပြီးခဲ့တဲ့ နှစ်ရာသီမှာ စီးတီးနဲ့ အာဆင်နယ်တို့ လုပ်ခဲ့ကြတာပါ။ လွန်ခဲ့တဲ့နှစ်နှစ်မှာ ကျွန်တော်တို့အတွက် ဘယ်လောက်ခက်ခဲတယ်ဆိုတာ ခင်ဗျားတွေ့မှာပါ။ ပြီးခဲ့တဲ့နှစ်မှာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့လည်း အဲဒီလိုကြုံခဲ့ရတယ်။ အဲဒီပွဲတွေက ကျွန်တော်တို့ ဘယ်နေရာမှာရှိနေမလဲဆိုတာ သိနိုင်ဖို့ စမ်းသပ်မှုပါပဲ'' ဟု ဆလော့က ဆိုသည်။

လီဗာပူးလ်အသင်းသည် နိုဝင်ဘာလကုန်ပိုင်းအထိ ပွဲကျပ်များဆက်တိုက်ကစားရမည်ဖြစ်ပြီး အောက်တိုဘာ ၂၃ ရက်တွင် လိုက်ပ်ဇစ်နှင့် အဝေးကွင်း၊ အောက်တိုဘာ ၂၇ ရက်တွင် အာဆင်နယ်အသင်းနှင့် အဝေးကွင်း၊ အောက်တိုဘာ ၃၀ ရက်တွင် ဘရိုက်တန်အသင်းနှင့် အဝေးကွင်း၊ နိုဝင်ဘာ ၂ ရက်တွင် ဘရိုက်တန်အသင်းနှင့် အိမ်ကွင်း၊ နိုဝင်ဘာ ၅ ရက်တွင် လေဗာကူဆင်အသင်း နှင့် အိမ်ကွင်း၊ နိုဝင်ဘာ ၉ ရက်တွင် ဗီလာအသင်းနှင့် အိမ်ကွင်း၊ နိုဝင်ဘာ ၂၄ ရက်တွင် ဆောက်သမ်တန်အသင်းနှင့် အဝေးကွင်း၊ နိုဝင်ဘာ ၂၇ ရက်တွင် ရီးယဲလ်အသင်းနှင့် အိမ်ကွင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။

လီဗာပူးလ်အသင်း၏ ပွဲကျပ်ကာလ

၂၃-၁၀-၂၄    လိုက်ပ်ဇစ်    -    လီဗာပူးလ်

၂၇-၁၀-၂၄    အာဆင်နယ်    -    လီဗာပူးလ်

၃၀-၁၀-၂၄    ဘရိုက်တန်    -    လီဗာပူးလ်

၂-၁၁-၂၄    လီဗာပူးလ်    -    ဘရိုက်တန်

၅-၁၁-၂၄    လီဗာပူးလ်    -    လေဗာကူဆင်

၉-၁၁-၂၄    လီဗာပူးလ်    -    ဗီလာ

၂၄-၁၁-၂၄    ဆောက်သမ်တန်    -    လီဗာပူးလ်

၂၇-၁၁-၂၄    လီဗာပူးလ်    -    ရီးယဲလ်

Most Read

Most Recent