မြောက်ကိုရီးယား အထူးတပ်ဖွဲ့ဝင်စစ်သား ၁၅၀၀ ခန့် ရုရှားသို့ ရောက်ရှိနေပြီဖြစ်ပြီး မကြာမီအချိန်အတွင်း ယူကရိန်းစစ်မြေပြင်သို့ ပို့ဆောင်ခံရဖွယ်ရှိကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက အောက် တိုဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
ယူကရိန်းစစ်ပွဲအတွင်း ရုရှားကိုကူညီရန် စစ်သားများ စေလွှတ်သည့် မြောက်ကိုရီးယား၏ ဆုံးဖြတ်ချက်သည် ရုရှားနှင့် မြောက်ကိုရီးယားအကြား စစ်ဘက်ဆိုင်ရာ မဟာမိတ် ဖွဲ့ကို ပိုမိုခိုင်မာစေသည့် လုပ်ဆောင်ချက်တစ် ခုဖြစ်ပြီး ကိုရီးယားကျွန်းဆွယ် လုံခြုံရေးတွင် ရုရှားကို ပိုမိုပါဝင်လာစေရန် ဆွဲသွင်းခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ထို့ပြင် မြောက်ကိုရီးယားသည် ထောင်နှင့်ချီသည့် စစ်သားများကို ရုရှားသို့ ပို့ဆောင်ရန် ပြင်ဆင်နေပြီး ထိုလုပ်ဆောင်ချက်သည် ပြည်ပနိုင်ငံတစ်နိုင်ငံသို့ ပထမဆုံးအကြိမ် မြောက်ကိုရီးယားစစ်သားများ ဖြန့်ကြက်ချ ထားမှုဖြစ်လာမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။
ဇွန်လအတွင်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့အကြား လက်မှတ်ရေးထိုးခဲ့သည့် စစ်ဘက်ဆိုင်ရာ သဘောတူညီချက်အရ ထိုသို့စစ်သားများ စေလွှတ်ကူညီပေးရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
“မြောက်ကိုရီးယား တိုက်ခိုက်ခံရရင် ဒါမှမဟုတ် အကျပ်အတည်းနဲ့ ရင်ဆိုင်နေရရင် ရုရှားကလည်း ဝင်ရောက်စွက်ဖက်တာ ဒါမှမဟုတ် စစ်ရေးအကူအညီပေးမယ်ဆိုတာကို အခုလုပ်ဆောင်ချက်က သက်သေပြနေပါတယ်”ဟု တောင်ကိုရီးယားအမျိုးသား ပြန်လည်ပေါင်းစည်းရေးဌာန၏ ထိပ်သီးလေ့လာသူ ဟောင်မင်က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
ယူကရိန်းတွင် ရုရှားစစ်သားများနှင့်အတူ မြောက်ကိုရီးယားစစ်သားများ ပူးပေါင်းတိုက်ခိုက်မှုသည် ပူတင်နှင့်ကင်တို့အကြား ခိုင်မာသည့် သဘောတူညီချက်ကို သက်သေပြရာ ရောက်လိမ့်မည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
အောက်တိုဘာ ၁၇ ရက်ကလည်း ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးက ယူကရိန်းနှင့်ရုရှားစစ်ပွဲအတွင်း မြောက်ကိုရီးယား စစ်သား ၁၀၀၀၀ ခန့် ရုရှားတပ်ဖွဲ့များနှင့် ပူးပေါင်းရန် ပြင်ဆင်နေကြောင်း ထောက်လှမ်း ရေးသတင်း ရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။
မြောက်ကိုရီးယားစစ်တပ်သည် ယူကရိန်းစစ်ပွဲအတွင်း ရုရှားကို စစ်ရေးအကူအညီများ ပေးနေကြောင်း၊ သို့သော် ရုရှားထံ မြောက်ကိုရီးယားစစ်သားများ စေလွှတ်နေသည်ဆိုသည့် ယူကရိန်း၏ ပြောကြားချက်များ ကိုအတည်မပြုနိုင်ကြောင်း အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ့်ဘဲလ်က ပြောကြားခဲ့ပြီး နောက်တစ်ရက်အကြာတွင် ဇယ်လန်စကီး၏ ပြောကြားချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေ ဇယ်လန်စကီးသည် မြောက်ကိုရီးယားစစ်သားများ စေလွှတ်မှုနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ပြောကြားခဲ့ခြင်းမရှိပေ။
“ကျွန်တော်တို့ရရှိထားတဲ့ ထောက်လှမ်းရေးသတင်းအရ မြောက်ကိုရီးယားဟာ ယူကရိန်းစစ်ပွဲမှာ နည်းဗျူဟာမြောက် စစ်မှုထမ်းတွေ စေလွှတ်နေတယ်လို့ သိရပါတယ်။ သူတိုဟာ စစ်သား ၁၀၀၀၀ လောက်စေလွှတ်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့် သူတို့ဟာ ယူကရိန်းကိုရော ရုရှားကိုပါ ရောက်ရှိခြင်းမရှိ သေးပါဘူး”ဟု ဇယ်လန်စကီးက နေတိုးဌာနချုပ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
Ref:AFP