အင်္ဂလန်အသင်း အောင်မြင်မှုရစေရန်နှင့် ပရိသတ်များ ဂုဏ်ယူရစေရန် အစွမ်းကုန်ကြိုးစားမည်ဟု နည်းပြသစ် တူဟယ်လ်ပြောကြား

အင်္ဂလန်အသင်း အောင်မြင်မှုရစေရန်နှင့် ပရိသတ်များ ဂုဏ်ယူရစေရန် အစွမ်းကုန်ကြိုးစားမည်ဟု နည်းပြသစ် တူဟယ်လ်ပြောကြား
Photo: 90 min
Photo: 90 min
Published 19 October 2024

 

အင်္ဂလန်လက်ရွေးစင်အသင်း၏ နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံရသည့် သောမတ်စ်တူဟယ်လ်က အသင်းအောင်မြင်မှုရစေရန်နှင့် ပရိသတ်များ ဂုဏ်ယူရစေရန် အစွမ်းကုန်ကြိုးစားမည်ဟု ပြောကြားခဲ့သည်။

FA ၏ နည်းပြသစ်ရှာဖွေမှုအစီအစဉ်ကို ဇူလိုင်တွင် စတင်ခဲ့ပြီး အမှုဆောင်ချုပ် မာခ့်ဘူလင်ဟမ်၊ အမျိုးသားလက်ရွေးစင်အသင်း၏ နည်းစနစ်ဒါရိုက်တာ ဂျွန်မက်ဒါမော့တို့အနေဖြင့် လျှို့ဝှက်လုပ်ငန်းစဉ်ကာလအတွင်း ကိုယ်စားလှယ်လောင်းအများအပြားနှင့် အင်တာဗျူး ပြုလုပ်ပြီးနောက် တူဟယ်လ်ကို ဦးစားပေး ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ၁၈ လစာချုပ် ချုပ်ဆိုထားခြင်းဖြစ်သည်။ 

တူဟယ်လ်နှင့်အတူ ချယ်လ်ဆီး၊ ဘိုင်ယန်မြူးနစ်အသင်းတို့တွင် လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးသည့် အင်္ဂလန် နိုင်ငံသား အန်သိုနီဘယ်ရီကိုပါ ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ တူဟယ်လ်နှင့် ဘယ်ရီသည် ဇန်နဝါရီ ၁ ရက်မှစ၍ တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး ၁၈ လစာချုပ်ဖြစ်သောကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ကိုင်တွယ်ရမည်ဖြစ်သည်။

"အင်္ဂလန်အသင်းကို ဦးဆောင်ခွင့်ရတာက ဂုဏ်ပြုခံရတာဖြစ်ပြီး ကျွန်တော်အရမ်း ဂုဏ်ယူပါတယ်။ ကျွန်တော်က ဒီနိုင်ငံက ပွဲစဉ်တွေနဲ့ ပုဂ္ဂိုလ်ရေးအရ ချိတ်ဆက်မိတာ ကြာလှပြီလို့ ခံစားမိပါတယ်။ ပြီးတော့ အဲဒါ က ကျွန်တော့်ကို မယုံနိုင်လောက်စရာအခိုက်အတန့်တွေ ပေးထားပြီးသားပါ။ အင်္ဂလန်ကို ကိုယ်စားပြုခွင့်ရတာက ကြီးမားတဲ့ အခွင့်အရေးတစ်ခုပါပဲ။ ဒီလိုထူးခြားပြီး အရည်အချင်းရှိတဲ့ ကစားသမားအစုအဖွဲ့နဲ့ လက်တွဲခွင့်ရတာက အရမ်းစိတ်လှုပ်ရှားစရာကောင်းပါတယ်။ ကျွန်တော့်ရဲ့လက်ထောက်နည်းပြ အန်သိုနီနဲ့ အနီးကပ်လက်တွဲပြီး အင်္ဂလန်အသင်း အောင်မြင်မှုရဖို့၊ ပရိသတ်တွေ ဂုဏ်ယူရစေဖို့ ကျွန်တော်တို့ တတ်နိုင်သမျှ အစွမ်းကုန်လုပ်သွားမှာပါ။ FA ၊ အထူးသဖြင့် မာ့ခ် (ဘူလင်ဟမ်) နဲ့ ဂျွန် (မက်ဒါမော့) တို့ရဲ့ ယုံကြည်မှုအတွက် ကျွန်တော်ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ခရီးစဉ်ကို အတူတူစတင်ဖို့ မျှော်လင့်နေပါတယ်" ဟု တူဟယ်လ် က ပြောကြားသည်။

ဂျာမနီနိုင်ငံသားနည်းပြဖြစ်သူ တူဟယ်လ် (၅၁ နှစ်) သည် အော့စ်ဘတ် (အရန်အသင်း)၊ မိန့်ဇ်၊ ဒေါ့မွန်၊ PSG၊ ချယ်လ်ဆီး၊ ဘိုင်ယန်မြူးနစ်စသည့် ဥရောပထိပ်တန်း ကလပ်များကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်သည်။ ၎င်းသည် အင်္ဂလန်အသင်း၏ ပထမဆုံး ဂျာ မန်နည်းပြနှင့် အဲရစ်ဆင်၊ ကာပယ်လိုတို့ပြီးလျှင် တတိယမြောက် နိုင်ငံခြားသားနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent