ဟစ်ဇဘိုလာပစ်မှတ်များကို အစ္စရေးဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်ဘနွန်တောင်ပိုုင်းတွင် ကြီးမားသည့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်

ဟစ်ဇဘိုလာပစ်မှတ်များကို အစ္စရေးဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်ဘနွန်တောင်ပိုုင်းတွင် ကြီးမားသည့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်
လက်ဘနွန်တောင်ပိုင်းရှိ ကာနာရွာကို အစ္စရေးတိုက်ခိုက်ခဲ့မှုကြောင့် ကယ်ဆယ်ရေးသမားများက အပျက်အစီးများအကြား ရှာဖွေမှုများပြုလုပ်နေပုံကို အောက်တိ်ုဘာ ၁၆ ရက်တွင် တွေ့ရစဉ်(Photo: AFP)
လက်ဘနွန်တောင်ပိုင်းရှိ ကာနာရွာကို အစ္စရေးတိုက်ခိုက်ခဲ့မှုကြောင့် ကယ်ဆယ်ရေးသမားများက အပျက်အစီးများအကြား ရှာဖွေမှုများပြုလုပ်နေပုံကို အောက်တိ်ုဘာ ၁၆ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 17 October 2024

အောက်တိုဘာ ၁၇ ရက်တွင် အမေရိကန်က ယီမင်ကိုလည်းကောင်း၊ အစ္စရေးက ဆီးရီးယားကိုလည်းကောင်း တိုက်ခိုက်မှုများမလုပ်ဆောင်မီ ဟစ်ဇဘိုလာပစ်မှတ်များကို အစ္စရေး၏နောက်ဆုံးဗုံးကြဲတိုက်ခိုက်မှုက လက်ဘနွန်တောင်ပိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့်ပျက်စီးမှုများကို ဖြစ်ပေါ်စေခဲ့သည်။

အစ္စရေးက ဆီးရီးယားနှင့်ဂါဇာတို့ကို တိုက်ခိုက်မှုများမလုပ်ဆောင်မီ နာရီပိုင်းအကြာ အောက်တိုဘာ ၁၆ ရက်တွင် လက်ဘနွန်ကို အစ္စရေးတိုက်ခိုက်မှုက အဆောက်အအုံများကို ပြိုလဲသွားစေခဲ့ပြီး မြို့တော်ဝန် တစ်ဦးကို သေဆုံးသွားစေခဲ့သည်။

အောက်တိုဘာ ၁၇ ရက်တွင် ဆီးရီးယားဆိပ်ကမ်းမြို့ လာတာကီယာကို အစ္စရေး၏ ရှားရှားပါးပါး တိုက်ခိုက်မှုက လက်နက်ဂိုဒေါင်ကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးများအတွက် ဆီးရီးယားစောင့် ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။

ဟစ်ဇဘိုလာသည် အိမ်နီးချင်း ဆီးရီးယားမှတစ်ဆင့် လက်ဘနွန်သို့ လက်နက်များကို သယ်ဆောင်နေသည်ဟု အစ္စရေးစစ် တပ်ကစွပ်စွဲခဲ့သည်။ လာတာကီယာကို တိုက်ခိုက်မှုနှင့်ပတ်သက်၍ အစ္စရေးစစ်တပ်က မှတ်ချက်ပေးခြင်းမရှိပေ။

အစ္စရေးက စက်တင်ဘာ ၂၃ ရက်က တည်းက ဟစ်ဇဘိုလာအုပ်စုကို တိုက်ခိုက်နေခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုများကြောင့် လူ ၁,၃၀၀ ကျော်သေဆုံးခဲ့သည်။

အစ္စရေးစစ်လေယာဉ်များက အောက်တိုဘာ ၁၆ ရက်တွင် လက်ဘနွန်တောင်ပိုင်းမြို့နာဘာတီယက်ရှိ ပစ်မှတ်ဒါဇင်ပေါင်းများစွာကို တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ ဟစ်ဇဘိုလာနှင့် ဟစ် ဇဘိုလာ၏မဟာမိတ် အာမယ်တို့သည် နာဘာတီယက်မြို့တွင် အများအပြားနေရာ ယူထားကြသည်။

စည်ပင်သာယာအဆောက်အအုံနှစ်လုံး တိုက်ခိုက်ခံရသောကြောင့် ၁၆ ဦးသေဆုံးခဲ့ပြီး ၅၂ ဦး ဒဏ်ရာရခဲ့သည်ဟု လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားကြောင်း တာဝန်ရှိသူများနှင့်သတင်းများအရ သိရသည်။

တိုက်ခိုက်မှုများက မီးများအကွင်းလိုက်လောင်သည့်အနေအထားကို ဖြစ်ပေါ်စေခဲ့သည်ဟု ဒေသခံတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီး သေဆုံးသူ ၁၆ ဦးထဲတွင် မြို့တော်ဝန်တစ်ဦး ပါဝင်သည်ဟု ဆိုသည်။

အစ္စရေးသည် စည်ပင်သာယာကောင်စီ၏အစည်းအဝေးကို တမင်ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်ဟု လက်ဘနွန် ဝန်ကြီးချုပ် နာဂျစ်မီခါတီက ပြောကြားခဲ့သည်။ စည်ပင်ကောင်စီအစည်းအဝေးသည် မြို့၏ဝန် ဆောင်မှုလုပ်ငန်းများနှင့် ကယ်ဆယ်ရေး အခြေအနေများကို ဆွေးနွေးနေသော အစည်းအဝေးဖြစ်သည်ဟု ဆိုသည်။

ကယ်ဆယ်ရေးသမားများသည် လက်ဘနွန်တောင်ပိုင်းရှိ ကာနာရွာကအပျက်အစီးများကြားထဲ အပြေးအလွှား ရှာဖွေမှုများလုပ်ဆောင်ခဲ့သည်ဟု လက်ဘနွန်ကျန်းမာ ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အောက်တိုဘာ ၁၅ ရက်တွင် အစ္စရေးက အဆိုပါရွာကို တိုက်ခိုက်ခဲ့သောကြောင့် လူသုံးဦး သေဆုံးခဲ့သည်ဟု သိရသည်။

ကာနာဧရိယာ၏ဟစ်ဇဘိုလာခေါင်းဆောင် ဂျာလာမူစတာဖာဟာရီရီကို သုတ်သင်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်များရှိ ဟစ်ဇဘိုလာ အမာခံနယ်မြေကိုလည်း အစ္စရေးစစ်လေယာဉ်များက ပစ်မှတ်ထားခဲ့သည်။ ထို့အပြင် လက်ဘနွန်တောင်ပိုင်နှင့် အရှေ့ပိုင်းရှိ ဘီကားဒေသတို့တွင်နောက်ထပ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

ဟစ်ဇဘိုလာကလည်း အစ္စရေးကို ရော့ကတ်အများအပြားဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ လက်ဘနွန်နယ်စပ်ဒေသကို ကျူးကျော်ဝင်ရောက်လာသော အစ္စရေးစစ်သား များနှင့်အနီးကပ်တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် နယ်စပ်အနီးတွင် နောက်ထပ်အစ္စရေးတင့်ကားတစ်စီးကို ဖျက်ဆီးခဲ့သည်ဟု အောက်တိုဘာ ၁၇ ရက်တွင် ဟစ်ဇဘိုလာအုပ်စုက ပြောသည်။                   

Ref: AFP

Most Read

Most Recent