ဆွီဒင်နိုင်ငံ၌ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သည်ဆိုသော စွပ်စွဲမှုများကို အမ်ဘာပေကိုယ်တိုင်အပါအဝင် ရှေ့နေဖြစ်သူနှင့် ကိုယ်စားလှယ်အဖွဲ့ ငြင်းဆန်

ဆွီဒင်နိုင်ငံ၌ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သည်ဆိုသော စွပ်စွဲမှုများကို အမ်ဘာပေကိုယ်တိုင်အပါအဝင် ရှေ့နေဖြစ်သူနှင့် ကိုယ်စားလှယ်အဖွဲ့ ငြင်းဆန်
Photo: Daily Mail
Photo: Daily Mail
Published 17 October 2024

ဆွီဒင်နိုင်ငံ၌ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သည်ဆိုသော စွပ်စွဲမှုများကို ရီးယဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး အမ်ဘာပေကိုယ်တိုင်အပါအဝင် ရှေ့နေဖြစ်သူနှင့် ကိုယ်စားလှယ်အဖွဲ့က ငြင်းဆန်ခဲ့ကြောင်း သိရသည်။

ဆွီဒင်နိုင်ငံ၌ဖြစ်ပွားခဲ့သည့် မုဒိမ်းမှု သံသယဖြစ်ရပ် အစီရင်ခံစာအတွက် အကြီးတန်းအစိုးရရှေ့နေတစ်ဦးက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ဆွီဒင်အာဏာပိုင်များက အတည်ပြုထားသည်။

အောက်တိုဘာ ၁၀ ရက်က ဆွီဒင်မြို့လယ်ရှိ ဟိုတယ်တစ်ခု၌ ဖြစ်ပွားခဲ့သည့်ဖြစ်ရပ်တွင် အမ်ဘာပေပါဝင်ကြောင်း ဆွီဒင်မီဒီယာများက ဖော်ပြလျက်ရှိသည်။

အမ်ဘာပေနှင့် မိတ်ဆွေများသည် ပြီးခဲ့သည့်တစ်ပတ်က စတော့ဟုမ်းမြို့၌ နှစ်ရက်ကြာနေထိုင်ခဲ့ပြီး အောက်တိုဘာ ၁၀ ရက်က နိုက်ကလပ်သို့မသွားမီ စားသောက်ဆိုင်တစ်ခုသို့ သွားရောက်ခဲ့ကြောင်း၊ ၎င်းအပြင် အခြားသုံးဦး စတော့ဟုမ်းမြို့လယ်၌ လမ်းလျှောက်နေသည့်ဓာတ်ပုံကိုလည်း မြင်တွေ့ခဲ့ရကြောင်း ဆွီဒင်မီဒီယာများက ဖော်ပြသည်။

အဆိုပါသတင်းများနှင့်ပတ်သက်၍ အမ်ဘာပေက ''သတင်းအမှားတွေ'' ဟု X တွင် ရေးသား၍ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အမ်ဘာပေ၏ PR ကုမ္ပဏီဖြစ်သည့် Patricia Goldman က ''ဒီစွပ်စွဲမှုတွေက တာဝန်ကင်းမဲ့ပြီး လုံးဝမှားယွင်းပါတယ်။ သူတို့ရဲ့ဖြန့်ဝေမှုကို လက်မခံနိုင်ပါဘူး။ ကီလီယန်အမ်ဘာပေအနေနဲ့ အခြေအမြစ်မရှိတဲ့ လိမ်ညာမှုတွေကြောင့် သူ့ရဲ့ဂုဏ်သိက္ခာကို  ထိခိုက်ခံမှာ မဟုတ်ပါဘူး'' ဟု Reuters သတင်းဌာနမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

အမ်ဘာပေ၏ ရှေ့နေဖြစ်သူ မာရီအဲလစ်ကယ်နူဘယ်နာကလည်း ''ဘယ်သူက တိုင်ထားတာလဲဆိုတာ ကျွန်မတို့မသိပါဘူး။ ဒီတိုင်ကြားချက်က သူ့ကိုပစ်မှတ်ထားတာလားဆိုတာ ကျွန်မ မသိပါဘူး။ သူက ဘယ်တော့မှ တစ်ယောက်တည်းမဟုတ်ပါဘူး။ စွန့်စားရမယ့်အခြေအနေမျိုးကို သူဘယ်တော့မှ မလုပ်ပါဘူး။ သူ့ဆီမှာ ဝေဖန်စရာအပြုအမူတွေရှိကောင်းရှိနိုင်ပေမဲ့ အဲဒါတွေကို လုံးဝဖယ်ထုတ်ထားပါတယ်။ ဒါက လုံးဝသေချာပါတယ်။ သူက တည်ငြိမ်ပေမဲ့ မီဒီယာတွေရဲ့ ရူးသွပ်မှုကြောင့် အံ့သြသွားရတယ်။ ဘယ်အရာတွေက သူ့ကို ကဲ့ရဲ့ရှုတ်ချနိုင်တာလဲဆိုတာ သူနားမလည်ပါဘူး။ သူ့ဘက်က အမှားလုံးဝမလုပ်ထားပါဘူး'' ဟု ပြင်သစ်အခြေစိုက် TF1 ရုပ်သံသို့ ပြောကြားသည်။

ယင်းကဲ့သို့ စွပ်စွဲမှုများရှိနေစဉ် ရီးယဲလ်အသင်းက Adidas အမှတ်တံဆိပ်၏ ပရိုမိုးရှင်းအစီအစဉ်တွင် အမ်ဘာပေ၏ဓာတ်ပုံကို ဖယ်ရှားခဲ့ကြောင်း သိရသည်။

ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဂမ်က Edit မလုပ်ရသေးသည့် မူရင်းဓာတ်ပုံကို မှားယွင်းမျှဝေခဲ့သောကြောင့် ပရိသတ်များသိရှိသွားခြင်းဖြစ်ပြီး ရီးယဲလ်အသင်းကမူ အမ်ဘာပေမှာ Adidas အမှတ်တံဆိပ်၏ အဓိကပြိုင်ဘက် NIke အမှတ်တံဆိပ်၏ သံတမန်ဖြစ်သောကြောင့် ၎င်းအား ဖယ်ရှားခြင်းဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

 

Most Read

Most Recent