၂၀၂၄ Ballon d'Or ဆုကို အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်သာ ရသင့်ကြောင်း အာဂျင်တီးနားအသင်းဖော် မက်ဆီ ပြောကြား

၂၀၂၄ Ballon d'Or ဆုကို အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်သာ ရသင့်ကြောင်း အာဂျင်တီးနားအသင်းဖော် မက်ဆီ ပြောကြား
Photo: beIN SPORTS
Photo: beIN SPORTS
Published 17 October 2024

Ballon d'Or  ဆုကို စံချိန်တင် (၈) ကြိမ်အထိ ရရှိထားသည့် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ၂၀၂၄ Ballon d'Or ဆုကို အင်တာမီလန်အသင်းမှ လက်ရွေးစင်အသင်းဖော် လော်တာရိုမာတီနက်ဇ်သာ ရသင့်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၄ Ballon d'Or ဆုပေးပွဲကို အောက်တိုဘာ (၂၈) ရက်တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ကျင်းပမည်ဖြစ်သည်။

အသက် (၂၇) နှစ်အရွယ်ရှိ လော်တာရိုမာတီနက်ဇ်သည် Ballon d'Or ဆန်ခါတင် (၃၀) ဦးစာရင်းတွင် ပါဝင်နေသော်လည်း ရီးယဲလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်၊ မန်စီးတီးကွင်းလယ်လူ ရိုဒရီနှင့် ရီးယဲလ်ကွင်းလယ်လူ ဘယ်လင်ဂမ်တို့သာ အဆိုပါဆုုကို ရရှိရန် ရေပန်းစားနေသည်။

လော်တာရိုမာတီနက်ဇ်သည် ပြီးခဲ့သည့်ရာသီက အင်တာမီလန်ကို အကြိမ်(၂၀)မြောက် စီးရီးအေချန်ပီယံဆု ရရှိအောင် အဓိကစွမ်းဆောင်ပေးခဲ့ပြီး စီးရီးအေရွှေဖိနပ်ဆုကိုလည်း ရရှိခဲ့သည်။

ထို့ပြင် ၎င်းသည် ၂၀၂၄ ကိုပါအမေရိကဗိုလ်လုပွဲတွင်လည်း အာဂျင်တီးနားအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။

ထို့ကြောင့် မက်ဆီက '' လော်တာရိုအတွက် အရမ်းကောင်းတဲ့ ရာသီတစ်ခုဖြစ်ခဲ့ပါတယ်။ သူဟာ ကိုပါအမေရိကဗိုလ်လုပွဲမှာ ဂိုးသွင်းခဲ့သလို၊ ဂိုးသွင်းအများဆုံးလည်းဖြစ်ခဲ့တယ်။ Ballon d'Or  ဆုကို သူပဲ ရသင့်တာပါ''ဟု ပြောကြားခဲ့သည်။ 

 

Most Read

Most Recent