One Direction အဖွဲ့ဝင်ဟောင်း ဗြိတိသျှအဆိုတော် လီယန်ပိန်း အာဂျင်တီးနား၌ ဟိုတယ်ပေါ်မှ ပြုတ်ကျခဲ့ပြီး သေဆုံး

One Direction အဖွဲ့ဝင်ဟောင်း ဗြိတိသျှအဆိုတော် လီယန်ပိန်း အာဂျင်တီးနား၌ ဟိုတယ်ပေါ်မှ ပြုတ်ကျခဲ့ပြီး သေဆုံး
Photos: AFP
Photos: AFP
Published 17 October 2024
Ref:AFP

ရောင်းအားအကောင်းဆုံး ပေါ့အုပ်စု One Direction ၏အဖွဲ့ဝင်ဟောင်း ဗြိတိသျှအဆိုတော် အသက် ၃၁ နှစ်အရွယ် လီယန်ပိန်းသည် ဗျူနိုအေရီမြို့ရှိ ဟိုတယ်၏သုံးလွှာမှ ပြုတ်ကျခဲ့ပြီး အောက်တိုဘာ ၁၆ ရက်တွင် သေဆုံးသွားခဲ့သည်ဟု အာဂျင်တီးနားရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

“တေးရေးဆရာ၊ ဂီတာသမား၊ One Direction တေးဂီတအဖွဲ့ရဲ့အဖွဲ့ဝင်ဟောင်း လီယန်ဂျိမ်းပိန်းဟာ ပါလာမိုက ဟိုတယ်ရဲ့သုံးလွှာကနေ ပြုတ်ကျခဲ့ပြီးနောက် ဒီနေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်” ဟု ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အဆိုတော်ဟာ ပြုတ်ကျခဲ့ခြင်းရဲ့အကျိုးဆက်ကြောင့် သေရေးရှင်ရေးကိစ္စနဲ့သယဇာတမဖြစ်တဲ့ အလွန်ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်” ဟု ပါလာမိုရပ်ကွက်ရှိ SAME အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၏အကြီးအကဲ အယ်လ်ဘာတိုခရီဆန်တီက ဒေသခံရုပ်သံကို ပြောကြားခဲ့ပြီး သတိပြန်လည်လာအောင် လုပ်ဆောင်ပေး၍မရနိုင်သည့်အနေအထားဖြစ်သွားခဲ့သည်ဟု ဆိုသည်။

ဒေသစံတော်ချိန် ညနေ ၅ နာရီ ၄ မိနစ်တွင် 911 ထံ ဖုန်းဝင်လာခဲ့ပြီးနောက် ကယ်ဆယ်ရေးသမားများသည် ဗျူနိုအေရီ၏ပါလာမိုရပ်ကွက်က ကာဆာဆားဟိုတယ်သို့ အမြန်သွားခဲ့သည်ဟု ခရီဆန်တီက ပြောသည်။

ကယ်ဆယ်ရေးသမားများသည် ခုနစ်မိနစ်အကြာတွင် ရောက်သွားခဲ့ကြောင်း၊ ပြုတ်ကျသည့်အမျိုးသား သေဆုံးသွားသည်ဟု အတည်ပြုခဲ့ကြောင်း၊ ထိုအမျိုးသားသည် အဆိုတော်ဖြစ်သည်ကို နောက်ပိုင်းတွင် မိမိတို့ သိရှိခဲ့ကြောင်း ခရီဆန်တီက ဖြည့်စွက်ပြောသည်။

 လီယန်ပိန်း၊ နီရယ်ဟိုရန်၊ ဟယ်ရီစတိုင်၊ လူးဝစ်တွမ်လင်ဆင်၊ ဇေမာလိတ်တို့ ဗြိတိသျှအဆိုပြိုင်ပွဲ The X Factor တွင် ပေါ်လာသည့် ၂၀၁၀ ပြည့်နှစ်တွင် အမျိုးသား အဆိုတော်အဖွဲ့ One Direction ပေါ်လာခဲ့ခြင်းဖြစ်ပြီး ထိုအချိန်တုန်းက ၎င်းတို့သည် ဆယ်ကျော်သက်အရွယ်များဖြစ်သည်။

အဖွဲ့ကွဲခြင်းမဟုတ်သော်လည်း အဖွဲ့ကို အချိန်အကန့်အသတ်မရှိ ရပ်ထားမည်ဟု ၂၀၁၆ ခုနှစ်တွင် One Direction အဖွဲ့က ကြေညာခဲ့သည်။

One Direction ၏အခြားအဖွဲ့ဝင်များ၏ ခြေရာများကို နင်းသည့်အနေဖြင့် မိမိသည် တစ်ကိုယ်အယ်ဘမ် လုပ်နေကြောင်း ၂၀၁၆ ခုနှစ်တွင်ပင် လီယန်ပိန်းကကြေညာခဲ့သည်။

ပိန်းသည် One Direction အဖွဲ့ဝင်ထဲက ဆိုဖော်ဆိုဖက်ဟောင်းဟိုရန်၏ဗျူနိုအေရီပွဲကို ‌အောက်တိုဘာ ၂ ရက်တွင် တက်ရောက်ခဲ့သည်ဟု Billboard မဂ္ဂဇင်း၏ ဖော်ပြချက်အရ သိရသည်။

 

 

Most Read

Most Recent