အီဂျစ်တွင် မီးရထား မတော်တဆမှုကြောင့် လူတစ်ဦးသေဆုံး

အီဂျစ်တွင် မီးရထား မတော်တဆမှုကြောင့် လူတစ်ဦးသေဆုံး
Published 14 October 2024

အီဂျစ်နိုင်ငံတောင်ပိုင်းတွင် အောက်တိုဘာ ၁၃ ရက်က  မီးရထားစက်ခေါင်းတစ်ခုသည် ကိုင်ရိုသို့ ဦးတည်သွားလာနေသော ခရီးသည်တင်ရထားတစ်စီး၏ နောက်ဆုံးအပိုင်းကို ဝင်တိုက်မိသောကြောင့် လူတစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး လူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အာဏာပိုင်များက ပြော ကြားခဲ့သည်။

ယင်းသည် အီဂျစ်တွင် တစ်လအတွင်း ဒုတိယအကြိမ်မြောက် မီးရထားတိုက်မှု ဖြစ်လာခဲ့သည်။

ကိုင်ရိုတောင်ပိုင်း ကီလိုမီတာ ၂၇၀ ခန့်အကွာ မီညာပြည်နယ်တွင် ယင်းမတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မီး ရထား အာဏာပိုင်များက ဆိုသည်။

မီးရထား တွဲနှစ်တွဲသည် အနီးအနားရှိ ချောင်းတစ်ခုအတွင်းသို့ ပြုတ်ကျခဲ့သည်ဟု ဆိုသည်။

မီးရထား တိုက်မိသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဒေသခံမီဒီယာတွင် ထုတ်ပြန်ထားသော ဗီဒီယို၌ မီးရထားတွဲနှစ်တွဲသည် ချောင်းတစ်ခုတွင် တစ်စိတ်တစ်ပိုင်း နစ်နေသည်ကို မြင်တွေ့ရသည်။

သေဆုံးသူတစ်ဦးအပြင် လူ ၂၁ ဦး ထက်မနည်းကို ဆေးရုံများဆီ ပို့ဆောင်ခဲ့ရ ပြီး မကြာမီ ၁၉ ဦးသည် ကုသမှုခံယူပြီးနောက် ဆေးရုံမှဆင်းခွင့်ရရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ ညံ့ဖျင်းသော စီမံခန့်ခွဲမှုနှင့် အိုဟောင်းနေသော မီးရထားလမ်းစနစ်ကြောင့် အီဂျစ်တွင် မီးရထားလမ်းချော်မှု ဖြစ်စဉ်များနှင့် တိုက်မိသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။                

Ref:AFP

Most Read

Most Recent