အစ္စရေးက စစ်မျက်နှာနှစ်ခုဖွင့်ပြီး တိုက်ခိုက်နေချိန်တွင် ဒေသတွင်း ဆိုးရွားသည့်ကပ်ဘေး ဖြစ်ပွားလာနိုင်ကြောင်း ကုလသမဂ္ဂ သတိပေး

အစ္စရေးက စစ်မျက်နှာနှစ်ခုဖွင့်ပြီး တိုက်ခိုက်နေချိန်တွင် ဒေသတွင်း ဆိုးရွားသည့်ကပ်ဘေး ဖြစ်ပွားလာနိုင်ကြောင်း ကုလသမဂ္ဂ သတိပေး
အောက်တိုဘာ ၈ ရက်က လက်ဘနွန်နိုင်ငံတောင်ပို်င်းရှိ ကျေးရွာတစ်ရွာတွင် ဘေးလွတ်ရာရွှေ့ပြောင်းမည့် ဒေသခံများကို လက်ဘနွန်စစ်သားများက လုံခြုံရေးအရ ကာကွယ်စောင့်ကြပ်နေပေးနေပုံကို တွေ့ရစဉ်(Photo:AFP)
အောက်တိုဘာ ၈ ရက်က လက်ဘနွန်နိုင်ငံတောင်ပို်င်းရှိ ကျေးရွာတစ်ရွာတွင် ဘေးလွတ်ရာရွှေ့ပြောင်းမည့် ဒေသခံများကို လက်ဘနွန်စစ်သားများက လုံခြုံရေးအရ ကာကွယ်စောင့်ကြပ်နေပေးနေပုံကို တွေ့ရစဉ်(Photo:AFP)
Published 13 October 2024

အစ္စရေးစစ်တပ်သည် ဟားမာ့စ်နှင့် ဟစ်ဇ်ဘိုလာတပ်ဖွဲ့များကို စစ်မျက်နှာနှစ်ခုဖွင့်ပြီး တိုက်ခိုက်နေချိန်တွင် ဒေသတွင်း ရုတ်တရက်ဖြစ်ပွားမည့် ကပ်ဘေးအန္တရာယ်နှင့် ပတ်သက်ပြီး လက်ဘနွန်ရှိ ကုလသမဂ္ဂငြိမ်း ချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များက အောက်တိုဘာ ၁၂ ရက်တွင် သတိပေးခဲ့သည်။

လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ထိုဒေသတွင် တာဝန်ထမ်းဆောင်နေသည့် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့ဝင်ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် အစ္စရေးသည် သံတမန်ရေးအရ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

အောက်တိုဘာ ၁၂ ရက်က အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံးသွားခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

အစ္စရေးကမူ လက်ဘနွန်တောင်ပိုင်းတွင် ဟစ်ဇ်ဘိုလာစစ်သွေးကြွများကို တိုက်ခိုက်နေသဖြင့် ထိုဒေသတွင်နေထိုင်သည့် ဒေသခံများအနေဖြင့် မိမိတို့နေအိမ်များထံ ပြန်မလာကြရန် အစောပိုင်းက ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၃ ရက်ကစပြီး အစ္စရေးက လက်ဘနွန်တောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် လူ ၁၂၀၀ ကျော် သေဆုံးခဲ့ကာ  လူပေါင်းတစ်သန်းကျော် အိမ်ပစ်ရာပစ်ထွက် ပြေးတိမ်းရှောင်ခဲ့ရကြောင်း လက်ဘနွန်အာ ဏာပိုင်များက ပြောကြားခဲ့သည်။

ဟစ်ဇ်ဘိုလာအဖွဲ့ကမူ အစ္စရေးနိုင်ငံ မြောက်ပိုင်းကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပြီး အစ္စရေးစစ်တပ်ကလည်း ထိုဒုံးကျည်များကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အီရန်၏ ကျောထောက်နောက်ခံ ရရှိထားသည့် ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေးနိုင်ငံမြောက်ပိုင်းရှိ အဓိကမြို့ဖြစ်သည့် ဟိုင်ဖာမြို့အနီးတစ်ဝိုက်ရှိ ပစ်မှတ်များကို တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။

မကြာသေးမီသီတင်းပတ်များအတွင်း အစ္စရေးသည် ဟစ်ဇ်ဘိုလာကို ထောက်ပံ့ပေးနေသည့် အီရန်နိုင်ငံနှင့်လည်း တင်းမာမှုများ မြင့်တက်ခဲ့သည်။

ပြီးခဲ့သည့်လက လက်ဘနွန်တွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာ ခေါင်းဆောင် ဟက်ဆန်နာဆရာလာနှင့် အီရန်ဗိုလ်ချုပ်ကြီးတစ်ဦး သေဆုံးခဲ့ပြီးနောက် အီရန်က အစ္စရေးကို ဒုံးကျည်အစင်း ၂၀၀ ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အစ္စရေးက အီရန်၏ ဒုံးကျည်အများစုကို ကြားဖြတ်ပစ်ချနိုင်ခဲ့ပြီးနောက် ထိုတိုက်ခိုက်မှုအတွက် အီရန်ကို လက်တုံ့ပြန်ရန် ပြင်ဆင်နေကြောင်း အမည်မဖော်လိုသည့် အစ္စရေးအရာရှိတစ်ဦးက အေအက်ဖ်ပီသတင်း ဌာနကို အောက်တိုဘာ ၅ ရက်က ပြောကြားခဲ့သည်။

“IDF (အစ္စရေးစစ်တပ်)ဟာ အစ္စရေး ပြည်သူတွေနဲ့ အစ္စရေးနိုင်ငံအပေါ် အီရန်ရဲ့ တရားမဝင်တဲ့ တိုက်ခိုက်မှုကို တုံ့ပြန်ဖို့ ပြင်ဆင်နေပါတယ်”ဟု အမည်မဖော်လိုသည့် အစ္စရေးစစ်တပ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

သို့သော်မည်ကဲ့သို့ တုံ့ပြန်မည်ဆိုခြင်းနှင့် မည်သည့်အချိန်တွင် တုံ့ပြန်မည်ဆိုခြင်းကိုမူ ထိုအရာရှိက အသေးစိတ်ပြောကြားခဲ့ခြင်း မရှိပေ။

Ref:AFP

                                               

Most Read

Most Recent