အီရန်က လေကြောင်းလိုင်းများတွင် ပေဂျာများနှင့် စကားပြောစက်များအသုံးပြုမှုကို တားမြစ်ပိတ်ပင်

အီရန်က လေကြောင်းလိုင်းများတွင် ပေဂျာများနှင့် စကားပြောစက်များအသုံးပြုမှုကို တားမြစ်ပိတ်ပင်
၂၀၁၃  ခုနှစ်က တီဟီရန်မြို့တော်ရှိ မာရာဘက်လေဆိပ်တွင် ရပ်နားထားသည့် Iran Air လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်းကို တွေ့ရစဉ်(Photo:AFP)
၂၀၁၃  ခုနှစ်က တီဟီရန်မြို့တော်ရှိ မာရာဘက်လေဆိပ်တွင် ရပ်နားထားသည့် Iran Air လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်းကို တွေ့ရစဉ်(Photo:AFP)
Published 13 October 2024

လက်ဘနွန်နိုင်ငံတွင် လူသေဆုံးမှုများရှိခဲ့သည့် ပေဂျာများ၊ စကားပြောစက်များ ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် အီရန်က လေကြောင်းလိုင်းများအားလုံးတွင် ပေဂျာများနှင့် စကားပြောစက်များ အသုံးပြုမှုကို တားမြစ်ပိတ်ပင်ခဲ့ကြောင်း ဒေသခံမီဒီယာက အောက်တိုဘာ ၁၂ ရက်တွင် ဖော်ပြခဲ့သည်။

မိုဘိုင်းဖုန်းများမှလွဲပြီး မည်သည့် ဆက်သွယ်ရေးပစ္စည်းကိုမဆို လေယာဉ်ပေါ်ရှိ ခရီးသည်များအခန်း သို့မဟုတ် ကုန်တင်ခန်းထဲတွင် တင်ဆောင်ခွင့် ပိတ်ပင်ကြောင်း အီရန်မြို့ပြလေကြောင်းအဖွဲ့အစည်း၏ ပြောရေး ဆိုခွင့်ရှိသူ ဂျက်ဖာယာဇာလို၏ ပြောကြားချက်ကို ကိုးကားပြီး ISNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

လက်ဘနွန်တွင် အီရန်၏ မဟာမိတ် ဟစ်ဇ်ဘိုလာအဖွဲ့အား ပစ်မှတ်ထား တိုက်ခိုက်မှုဟု ယူဆရသည့် ဖြစ်စဉ်များတွင် ပေဂျာများနှင့် စကားပြောစက်များ ပေါက်ကွဲမှုကြောင့် လူ ၃၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူပေါင်းထောင်ချီ ဒဏ်ရာရခဲ့ပြီး သီတင်းသုုံးပတ်ကျော်တွင် အီရန်၏ ဆုံးဖြတ်ချက်ထွက် ပေါ်လာခဲ့ခြင်း ဖြစ်သည်။

လူပေါင်း ၃၀၀၀ နီးပါးဒဏ်ရာရခဲ့သည့် ထိုပေါက်ကွဲမှုများအတွက် လက်ဘနွန်နိုင်ငံဆိုင်ရာ အီရန်သံအမတ် မော့တာဘာ အမာနီအပါအဝင် အီရန်နှင့် ဟစ်ဇ်ဘိုလာအဖွဲ့တို့က အစ္စရေးကို ဝေဖန်ပြစ်တင်ခဲ့သည်။

ယခုလအစောပိုင်းကလည်း ဒူဘိုင်းအခြေစိုက် Emirates လေကြောင်းလိုင်းသည် ၎င်း၏ လေယာဉ်များပေါ်တွင် ပေဂျာများနှင့် စကားပြောစက်များ တင်ဆင်ခွင့် ပိတ်ပင်ခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က ဂါဇာစစ်ပွဲ စတင်ဖြစ်ပွားခဲ့ချိန်ကတည်းက ဒေသတွင်း တင်းမာမှုများ မြင့်တက်လာကာ အီရန်၏ မဟာမိတ်များဖြစ်သည့် လက်ဘနွန်၊ အီရတ်၊ ဆီးရီးယားနှင့် ယီမင်နိုင်ငံတို့ရှိ လက် နက်ကိုင်အဖွဲ့များသည် ပဋိပက္ခအတွင်း ပါဝင်လာခဲ့သည်။

အီရန်က အစ္စရေးကို အောက်တိုဘာ ၁ ရက်က ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် မကြာသေးမီ သီတင်းပတ်များအတွင်း  လေကြောင်းလိုင်းအချို့သည် အီရန်သို့ ပျံသန်းမည့် ခရီးစဉ်များကို ဆိုင်းငံ့ခဲ့ကြသည်။

ထိုတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အစ္စရေးနှင့် အီရန်ကြား တင်းမာမှုမြင့်တက်လာကာ အစ္စရေး၏ မဟာမိတ်ဖြစ်သည့် အမေရိကန်ကမူ အစ္စရေးကို ထောက်ခံကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းဖြစ်သည့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကလည်း ထိုတိုက်ခိုက်မှု ဖြစ်ပွားအပြီးတွင် အစ္စရေးအနေဖြင့် အီရန်၏ နျူကလီးယား စက်ရုံများကို တိုက်ခိုက်သင့်ကြောင်း ပြောကြားခဲ့သည်။

ထရန့်သည် အောက်တိုဘာ ၄ ရက်က မြောက်ကာရိုလိုင်းနားပြည်နယ်တွင် ပြုလုပ်သည့် မဲဆွယ်စည်းရုံးပွဲတွင် အီရန်၏ နျူကလီးယားစီမံကိန်းအပေါ် အစ္စရေး၏ ပစ်မှတ်ထားမှု ဖြစ်နိုင်ခြေနှင့်ပတ်သက်ပြီး သမ္မတဂျိုးဘိုင်ဒင် အားမေးမြန်းသည့် မေးခွန်းတစ်ခုကို ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဘိုင်ဒင်သည် အောက်တိုဘာ ၂ ရက်က အီရန်၏ နျူကလီးယားစက်ရုံများကိုအား တိုက်ခိုက်မှုကို ထောက်ခံခြင်းရှိ၊ မရှိ သတင်းထောက်များ၏ မေးမြန်းခံရချိန်တွင် ဘိုင်ဒင်က မထောက်ခံကြောင်း ဖြေကြားခဲ့သည်။

“ဒီအချက်မှာ သူမှားတယ်လို့ ကျွန်တော်ထင်ပါတယ်။ သင့်အနေနဲ့ ထောက်ခံသင့်တယ်လို့ မထင်ဘူးလား။ ကျွန်တော်ဆိုလိုတာက နျူကလီးယားလက်နက်တွေဟာ ကျွန်တော်တို့အတွက် အကြီးမားဆုံးအန္တရာယ်တွေပါ။ သူ့ကို အဲဒီမေးခွန်းမေးချိန်မှာ အဖြေက နျူကလီးယားစက်ရုံတွေကို တိုက်သင့်တယ်လို့ ဖြေသင့်ပါတယ်။ ကျန်တာကိုနောက်မှ စိုးရိမ်ရမှာပါ”ဟု ထရန့်က ဖေးယက်ဗေးမြို့ရှိ စစ်စခန်းအနီးတွင် ပြုလုပ်သည့် မဲဆွယ်စည်း ရုံးပွဲတွင် ပြောကြားခဲ့သည်။

Ref:AFP

                                            

 

Most Read

Most Recent