နစကဥက္ကဋ္ဌ နှင့် အာဆီယံ ရေတပ်အကြီးအကဲများ တွေ့ဆုံ၍ မြန်မာနိုင်ငံ အနေဖြင့် အာဆီယံနိုင်ငံ အားလုံးနှင့် ချစ်ကြည်ရင်းနှီးမှုကို လိုလားကြောင်း ပြောကြား

နစကဥက္ကဋ္ဌ နှင့် အာဆီယံ ရေတပ်အကြီးအကဲများ တွေ့ဆုံ၍ မြန်မာနိုင်ငံ အနေဖြင့် အာဆီယံနိုင်ငံ အားလုံးနှင့် ချစ်ကြည်ရင်းနှီးမှုကို လိုလားကြောင်း ပြောကြား
Published 11 October 2024

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အာဆီယံရေတပ်အကြီးအကဲများ တွေ့ဆုံ၍ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးမှုကို လိုလားကြောင်း ပြောကြားသည်။

 မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြု လုပ်သည့် (၁၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး (18th ASEAN Navy Chief's Meeting) သို့ တက်ရောက်ကြမည့် အာဆီယံရေတပ်အကြီးအကဲများ နှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များအား အောက်တိုဘာ ၁၀ ရက် တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံတွေ့ဆုံစဉ် ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် ဦးစွာ နစကဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ အာဆီယံဒေသအတွင်း ပင်လယ် ရေကြောင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ပူးပေါင်း ဆောင်ရွက်သင့်သည့် အခြေအနေများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီး မှုများကို ပြန်လည်ထူထောင်ရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းအတွေ့ အကြုံများကို အပြန်အလှန်ဖလှယ်နိုင်ရေးကိစ္စရပ်များနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန် တွင် အာဆီယံရေတပ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

ယင်းနောက် တက်ရောက်လာသည့် အာဆီယံရေတပ်အကြီးအကဲများနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက နိုင်ငံအလိုက် တစ်ဦးချင်းမိတ်ဆက်ကြပြီး အစည်းအဝေး လာရောက်စဉ်နှင့် မြန်မာနိုင်ငံသို့ရောက်ရှိနေစဉ်အတွင်း မြန်မာနိုင်ငံ အနေဖြင့် ဧည့်ဝတ်ကျေပွန်စွာဖြင့် စီစဉ်ဆောင်ရွက်ပေးမှုအခြေအနေများ၊(၁၈)ကြိမ်မြောက် အာဆီယံရေတပ် ဦးစီးချုပ်များအစည်းအဝေး ကျင်းပပြုလုပ်သွားမည့်အခြေ အနေများ၊ မြန်မာနိုင်ငံနှင့် အာဆီယံရေတပ်များ အချင်းချင်းပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက် မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

ထို့နောက် နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးမှုကို လိုလားကြောင်း၊ ဆက်လက်၍ အာဆီယံအဖွဲ့အတွင်း အာဆီယံစိတ်ဓာတ်အပြည့်ဖြင့် အာဆီယံပဋိဉာဉ်များနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ခိုင်မြဲအောင်တည်ဆောက် သွားကြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်သည့်(၁၈) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး သို့ တက်ရောက်လာကြသည့်အတွက် လည်း ကျေးဇူးတင်ရှိကြောင်းဖြင့် ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ နစကဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီဝင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး (၁၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးသို့တက်ရောက်ကြမည့် ဘရူးနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ရေတပ်အကြီးအကဲများနှင့် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြခဲ့ကြောင်း သိရသည်။

Most Read

Most Recent