တိုက်ခိုက်သိမ်းပိုက်မှုကို ခုခံသွားမည်ဟု ထိုင်ဝမ်သမ္မတ  ပြောကြား

တိုက်ခိုက်သိမ်းပိုက်မှုကို ခုခံသွားမည်ဟု ထိုင်ဝမ်သမ္မတ  ပြောကြား
Published 10 October 2024

တရုတ်က ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ကြေညာထားပြီး ထိုင်ဝမ်အပေါ် စစ်ရေးနှင့် နိုင်ငံရေးဖိအားများ တိုးမြှင့်နေချိန် တွင် ထိုင်ဝမ်သမ္မတ လိုင်ချင်တယ်က တိုက်ခိုက်သိမ်းပိုက်မှုကို ခုခံသွားမည်ဟု အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်သည် ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသည့် ထိုင်ဝမ်ကို အင်အားသုံးသိမ်းယူသွားမည်ဟု ပြောကြားထားပြီး လိုင်နှင့် ထိုင်ဝမ်အစိုးရကမူ တရုတ်၏ ပြောကြားချက်များကို ဆန့်ကျင်ခဲ့သည်။

“ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို ထိပါးမှု သို့မဟုတ် တိုက်ခိုက်သိမ်းပိုက်ကို ခုခံသွားမယ်ဆိုတဲ့ ကတိကဝတ်ကို ကျွန်တော်ဆက်လက်ထိန်းသိမ်းသွားမှာပါ”ဟု လိုင်က ထိုင်ဝမ်အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့သည်။

တရုတ်သည် ၎င်း၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်ကြောင်း ကြေညာချက်ကို ထိုင်ဝမ်က လက်ခံစေရန် ဖိအားများကို မြှင့်တင်ခဲ့ပြီး မေလအတွင်းက ထိုင်ဝမ်သမ္မတအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သည့်  လိုင်နှင့် ဆက်ဆံရေးများမှာ တင်းမာခဲ့သည်။

တရုတ်သည် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို ခေါင်းစဉ်တပ်ပြီး စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ဖွယ်ရှိကြောင်း အမေရိကန်ထိပ်သီး အရာရှိတစ်ဦးက အောက်တိုဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

လိုင်သည် ထိုင်ဝမ်၏ အချုပ်အခြာအာဏာကို ကာကွယ်ရေးတွင် ယခင်သမ္မတ ဆိုင်အင်ဝမ်ထက် ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သဖြင့် တရုတ်ကို ဒေါသထွက်စေခဲ့ပြီး တရုတ်အစိုးရက လိုင်ကို ခွဲထွက်ဝါဒီ တစ်ဦးအဖြစ် တံဆိပ်ကပ်ခဲ့သည်။

တရုတ်သည် ထိုင်ဝမ်၏အမိမြေ မဟုတ်ကြောင်း လိုင်က ပြောကြားခဲ့ပြီးနောက် လိုင်သည် ရန်လိုမှုနှင့် ထိပ်တိုက်တွေ့မှုကို မြင့်တက်စေရန် မလိုမုန်းထားသည့် ရည်ရွယ်ချက်ရှိသူဖြစ်ကြောင်း တရုတ်က အောက်တိုဘာ ၈ ရက်တွင် စွပ်စွဲခဲ့သည်။

“ကျွန်တော်တို့ရဲ့ အမျိုးသား အချုပ်အခြာအာဏာကို ကာကွယ်ဖို့ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ဟာ မပြောင်းလဲပါဘူး”ဟု လိုင်က ယခင်သမ္မတဟောင်းများဖြစ်သည့် ဆိုင် နှင့် ချန်ရွှေဗျန်းတို့အပါအဝင် ဧည့်ပရိသတ်များ၏ ရှေ့မှောက်တွင် အောက်တိုဘာ ၁၀ ရက်က ပြောကြားခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားတွင် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်းရေး ရှိရင်းစွဲအခြေအနေကို ထိန်းသိမ်းမည့် မိမိတို့၏ အားထုတ်ကြိုးပမ်းမှုများသည်လည်း မပြောင်းလဲကြောင်း လိုင်က သမ္မတရုံးရှေ့တွင် ပြောကြားခဲ့သည်။

လိုင်၏ မိန့်ခွန်းပြောကြားမှုကို တက်ရောက်ခဲ့သည့် ဧည့်ပရိသတ်များအနက် ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားဆဲဖြစ်သည့် နိုင်ငံ ၁၂ နိုင်ငံအနက် အချို့နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အမေရိကန်လွှတ် တော်ကိုယ်စားလှယ်သုံးဦး ပါဝင်ခဲ့သည်။

အမေရိကန်သည် ၁၉၇၉ ခုနှစ်တွင် တရုတ်ကို သံတမန်ရေးအရ အသိအမှတ်ပြုခဲ့သော်လည်း ထိုင်ဝမ်၏ အဓိကမဟာမိတ်ဖြစ်ပြီး လက်နက်ထောက်ပံ့မှု အများဆုံးနိုင်ငံဖြစ်သည်။အမေရိကန်သည် ထိုင်ဝမ်၏ လွတ်လပ် ရေးကိုဆန့်ကျင်ပြီး ထိုင်ဝမ်ကို အင်အားသုံး သိမ်းပိုက်မည့် တရုတ်၏ မည်သည့်ကြိုးပမ်း အားထုတ်မှုကိုမဆို ဆန့်ကျင်ခဲ့သည်။

အောက်တိုဘာ ၁၀ ရက်သည် တရုတ်တွင် ချင်မင်းဆက်ကို ဖြုတ်ချပြီး တရုတ်သမ္မတနိုင်ငံ ထူထောင်သည့် ၁၁၃ နှစ်ပြည့် နှစ်လပတ်လည် အခမ်းအနားဖြစ်ပြီး ထိုင်ဝမ်က ယင်းနေ့ကို အမျိုးသားနေ့အဖြစ် အထိမ်းအ မှတ်အခမ်းအနားများ ပြုလုပ်ခဲ့သည်။

Ref:AFP

                                              

Most Read

Most Recent