အစ္စရေးအနေဖြင့် အီရန်၏ နျူကလီးယားစက်ရုံများကို တိုက်ခိုက်သင့်ကြောင်း ဒေါ်နယ်ထရန့် ပြောကြား

အစ္စရေးအနေဖြင့် အီရန်၏ နျူကလီးယားစက်ရုံများကို တိုက်ခိုက်သင့်ကြောင်း ဒေါ်နယ်ထရန့် ပြောကြား
အောက်တိုဘာ ၅ ရက်က ဘတ္တလာမြို့တွင် ပြုလုပ်သည့် မဲဆွယ်စည်းရုံးပွဲတွင် မိန့်ခွန်းပြောကြားနေသည့် ထရန့်ကို တွေ့ရစဉ်
အောက်တိုဘာ ၅ ရက်က ဘတ္တလာမြို့တွင် ပြုလုပ်သည့် မဲဆွယ်စည်းရုံးပွဲတွင် မိန့်ခွန်းပြောကြားနေသည့် ထရန့်ကို တွေ့ရစဉ်
Published 6 October 2024

အစ္စရေးအနေဖြင့် မကြာသေးမီက အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုကို တုံ့ပြန်ရာတွင် အီရန်၏ နျူကလီးယားစက်ရုံများကို တိုက် ခိုက်သင့်သည်ဟု မိမိကယူဆထားကြောင်း အမေရိကန်သမ္မတရွေးကောက်ပွဲဝင် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့်က အောက်တိုဘာ ၄ ရက်က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတဟောင်း ထရန့်သည် မြောက်ကာရိုလိုင်းနား ပြည်နယ်တွင်ပြုလုပ်သည့် မဲဆွယ်စည်းရုံးပွဲတွင် ပြီးခဲ့သည့်ရက် ပိုင်းအတွင်းက အီရန်၏ နျူကလီးယားစီမံကိန်းအပေါ် အစ္စရေး၏ ပစ်မှတ်ထားမှု ဖြစ်နိုင်ခြေနှင့်ပတ်သက်ပြီး သမ္မတဂျိုးဘိုင်ဒင် အားမေးမြန်းသည့် မေးခွန်းတစ်ခုကို ရည်ညွှန်းပြောဆိုခဲ့သည်။

ဘိုင်ဒင်သည် အောက်တိုဘာ ၂ ရက်က အီရန်၏ နျူကလီးယားစက်ရုံများကိုအား တိုက်ခိုက်မှုကို ထောက်ခံခြင်းရှိ၊ မရှိ သတင်း ထောက်များ၏ မေးမြန်းခံရချိန်တွင် ဘိုင်ဒင်က မထောက်ခံကြောင်း ဖြေကြားခဲ့သည်။

“ဒီအချက်မှာ သူမှားတယ်လို့ ကျွန်တော်ထင်ပါတယ်။ သင့်အနေနဲ့ ထောက်ခံသင့်တယ်လို့ မထင်ဘူးလား။ ကျွန်တော်ဆိုလိုတာ က နျူကလီးယားလက်နက်တွေဟာ ကျွန်တော်တို့အတွက် အကြီးမားဆုံးအန္တရာယ်တွေပါ။ သူ့ကို အဲဒီမေးခွန်းမေးချိန်မှာ အဖြေက နျူကလီးယားစက်ရုံတွေကို တိုက်သင့်တယ်လို့ ဖြေသင့်ပါတယ်။ ကျန်တာကို နောက်မှ စိုးရိမ်ရမှာပါ”ဟု ထရန့်က ဖေးယက်ဗေးမြို့ရှိ စစ်စခန်းအနီးတွင်ပြုလုပ်သည့် မဲဆွယ်စည်းရုံးပွဲတွင် ပြောကြားခဲ့သည်။

အစ္စရေးကို အီရန်က ဒုံးကျည်များဖြင့် တိုက်ခိုက်မှုကို တုံ့ပြန်ရာတွင် အီရန်၏ နျူကလီးယားစက်ရုံများကို တိုက်ခိုက်မည့် အစီအ စဉ်ကို ဆန့်ကျင်ကြောင်း ဘိုင်ဒင်က အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။

“သူတို့ ဘာလုပ်မလဲဆိုတာကို အစ္စရေးနဲ့ ကျွန်တော်တို့ ဆွေးနွေးသွားမှာပါ”ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

ထို့ပြင် အစ္စရေးအနေဖြင့် တုံ့ ပြန်ပိုင်ခွင့်ရှိကြောင်း စက်မှုထိပ်သီးခုနစ်နိုင်ငံ(ဂျီ ၇) က သဘောတူခဲ့ကြောင်း သို့သော် ထိုသို့တုံ့ ပြန်ရာတွင် အတိုင်းအတာတစ်ခုအထိသာရှိသင့်ကြောင်း ပြောကြားခဲ့သည်ဟု ဘိုင်ဒင်က ဆိုသည်။

အောက်တိုဘာ ၃ ရက်ကလည်း ဘိုင်ဒင်က အရှေ့အလယ်ပိုင်းတွင် အင်ပြည့်အားပြည့် စစ်ပွဲဖြစ်ပွားတော့မည်ဆိုသည်ကို မယုံ ကြည်ကြောင်း ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်း စစ်ပွဲဖြစ်ပွားမည်ကို ရှောင်လွှဲနိုင်သည်ဟု ယုံကြည်ထားကြောင်း ဘိုင်ဒင်က ၀ါရှင်တန်တွင် သတင်းထောက် များကို ပြောကြားခဲ့သည်။

“မိုးမရွာသေးဘူးဆိုတာကို ခင်ဗျား ဘယ်လိုယုံကြည်ထားသလဲ။ ဒီမှာကြည့်၊ အင်ပြည့်အားပြည့်စစ်ပွဲ ဖြစ်တော့မယ်လို့ ကျွန် တော်မယုံကြည်ပါဘူး။ အဲဒီစစ်ပွဲကို ကျွန်တော်တို့ ရှောင်နိုင်မယ်လို့ ထင်ပါတယ်”ဟု  ဘိုင်ဒင်က ဆိုသည်။

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့ ၂၁ ရက်ကြာ အပစ်အခတ်ရပ်စဲရန် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ အခြားမဟာမိတ် နိုင်ငံများက တောင်းဆိုခဲ့သည်ဆိုသော်လည်း ယင်းတောင်းဆိုချက်ကို အစ္စရေးကလက်မခံဘဲ လက်ဘနွန်ရှိ ဟစ်ဇဘိုလာ အမာခံနယ် မြေများကို ထိုးစစ်ဆင် တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။

သမ္မတရွေးကောက်ပွဲတွင် ဒုတိယသမ္မတ ကာမလာ ဟဲရစ်နှင့် ယှဉ်ပြိုင်ရမည့် ထရန့်သည် မကြာသေးမီက အရှေ့အလယ်ပိုင်း ဒေသတွင် တင်းမာမှုများမြင့်တက်လာသည့် အခြေအနေနှင့်ပတ်သက်ပြီး အနည်းငယ်သာ ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့သည့် ထရန့်၏ ကြေညာချက်တွင်မူ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခအတွက် ဘိုင်ဒင်နှင့် ဟဲရစ်တွင်တာဝန်ရှိကြောင်း ဖော်ပြခဲ့သည်။

Ref:AFP

                                              

Most Read

Most Recent