မက်ဒရစ်ဒါဘီပွဲစဉ်မှ ဖြစ်ရပ်များအတွက် အက်သလက်တီကိုအသင်းအား စပိန်ဘောလုံးအဖွဲ့ချုပ် ပြစ်ဒဏ်ချမှတ်

မက်ဒရစ်ဒါဘီပွဲစဉ်မှ ဖြစ်ရပ်များအတွက် အက်သလက်တီကိုအသင်းအား စပိန်ဘောလုံးအဖွဲ့ချုပ် ပြစ်ဒဏ်ချမှတ်
Photo: X
Photo: X
Published 4 October 2024

မက်ဒရစ်ဒါဘီပွဲစဉ်တွင် ပရိသတ်များက ကွင်းအတွင်းသို့ အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့သောကြောင့် စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF) ၏ ပြိုင်ပွဲကျင်းပရေးကော်မတီက အက်သလက်တီကိုအသင်းအား ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၉ ရက်က Metropolitano Stadium ၌ ယှဉ်ပြိုင်ကစားသည့်ပွဲတွင် အိမ်ရှင် အက်သလက်တီကိုအသင်းပရိသတ်များ၏ လုပ်ရပ်ကြောင့် ပွဲကို မိနစ် (၂၀) ခန့် ရပ်နားခဲ့ရသည်။

(၆၄) မိနစ်တွင် ရီးယဲလ်အသင်းအတွက် ဦးဆောင်ဂိုးကို နောက်ခံလူ မီလီတို သွင်းယူစဉ် ဂိုးသမား ကော်တိုအာက အောင်ပွဲခံခဲ့သည်။

ကော်တိုအာမှာ အက်သလက်တီကိုကစားသမားဟောင်းဖြစ်သောကြောင့် ဂိုးအနောက်ဘက်ရှိ ပရိသတ်များက မီးခြစ်များ၊ ပလတ်စတစ်ဘူးများအပါအဝင် အရာဝတ္ထုများဖြင့် ကွင်းအတွင်းသို့ ပစ်ပေါက်ခဲ့ကြသည်။

ကွင်းအတွင်းရှိ စပီကာများဖြင့် သတိပေးမှုလုပ်ခဲ့သော်လည်း ရပ်တန့်သွားခြင်းမရှိသောကြောင့် (၆၈) မိနစ်တွင် ပွဲအား ခေတ္တရပ်နားခဲ့ရခြင်းဖြစ်သည်။

သို့ဖြစ်ရာ RFEF ၏ ပြိုင်ပွဲကျင်းပရေးကော်မတီက အက်သလက်တီကိုအသင်းအား ပွဲကြည့်စင်တောင်ဘက်ရှိ အောက်ဘက်ပိုင်း ပွဲကြည့်စင်အား သုံးပွဲကွင်းပိတ်နှင့် ဒဏ်ကြေး ယူရို (၄၅၀၀၀) ချမှတ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent