မြန်မာနိုင်ငံ၏ ပြည်တွင်းတိုက်ပွဲများကြောင့် ထိုင်းနိုင်ငံတွင်းသို့ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးမှောင်ခိုကူးမှု မြင့်တက်လာကြောင်း ထိုင်းမူးယစ်တိုက်ဖျက်ရေးအရာရှိပြောကြား

မြန်မာနိုင်ငံ၏ ပြည်တွင်းတိုက်ပွဲများကြောင့် ထိုင်းနိုင်ငံတွင်းသို့ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးမှောင်ခိုကူးမှု မြင့်တက်လာကြောင်း ထိုင်းမူးယစ်တိုက်ဖျက်ရေးအရာရှိပြောကြား
မြန်မာ-ထိုင်း နယ်စပ် မဲဆောက်-တာ့ခ်မြို့လမ်းပိုင်းရှိ စုပေါင်းစစ်ဆေးရေးဂိတ်တွင် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၉ ရက်က  ကုန်စိမ်းကားတစ်စီးပေါ်မှ  ဘတ်သန်းရာချီတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိစဥ်။
မြန်မာ-ထိုင်း နယ်စပ် မဲဆောက်-တာ့ခ်မြို့လမ်းပိုင်းရှိ စုပေါင်းစစ်ဆေးရေးဂိတ်တွင် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၉ ရက်က  ကုန်စိမ်းကားတစ်စီးပေါ်မှ  ဘတ်သန်းရာချီတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိစဥ်။
Published 3 October 2024

မြန်မာနိုင်ငံ၏ ပြည်တွင်းတိုက်ပွဲများကြောင့် ထိုင်းနိုင်ငံတွင်းသို့ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးမှောင်ခိုကူးမှု မြင့်တက်လာကြောင်း ထိုင်းမူးယစ်တိုက်ဖျက်ရေးအရာရှိက ပြောကြားသည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် မူးယစ်ဆေးဝါးများ မှောင်ခိုတင်သွင်းမှု မြင့်တက်လာပြီး ထိုင်းတွင် မက်သာဖီတမင်းနှင့် ဘိန်းဖြူဖမ်းဆီးရမိမှုများမြင့်တက်လာခဲ့ကာ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် ပြည်တွင်းစစ်က ဒေသတွင်း မူးယစ်ဆေးဝါးရောင်းဝယ်မှုကို အားပေးလှုံ့ဆော်ရာရောက်နေကြောင်း ထိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးထိပ်သီးအရာရှိက ပြောကြားခဲ့သည်။

မူးယစ်ဆေးဝါးမှောင်ခိုကူးသူများသည် မက်သာဖီတမင်း ဆေးပြားများနှင့် ice ဟု လူသိများသည် crystal meth များကို သယ်ဆောင်ပြီး တောင်တန်းဒေသများ သို့မဟုတ် မဲခေါင်မြစ်ကိုဖြတ်သန်းဝင်ရောက်နေမှုနှင့်အတူ ထိုင်း၏မြောက်ပိုင်းပြည်နယ်များသည် ထိုင်းနိုင်ငံအတွင်းသို့ မှောင်ခိုသွင်းသည့် အဓိကလမ်းကြောင်းများဖြစ်နေသည်ဟု ထိုင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး (ONCB) ၏ လက်ထောက်အတွင်းရေးမှူးချုပ် အပီကစ် ရော့ပရာဆတ်က ပြောကြားခဲ့သည်။

စနစ်တကျဖွဲ့စည်းထားသည့် ဒုစရိုက်ကွန်ရက်များသည် မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များတွင် မူးယစ်ဆေးဝါးထုတ်လုပ်သည့်ဓာတ်ခွဲခန်းများထူထောင်ရန် ပြည်သူ့စစ်များနှင့် သူပုန်အဖွဲ့များကို မဟာမိတ်ဖွဲ့ထားကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး နစကပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးရန်ငြင်းဆိုခဲ့သော်လည်း ယခင်က နစကအစိုးရသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကတိပြုပြောကြားခဲ့ဖူးသည်။

"လက်နက်ကိုင်ပဋိပက္ခတွေကြောင့်ပဲ လက်နက်တွေဝယ်ယူဖို့ ဒါမှမဟုတ် တိုက်ခိုက်မှုအရှိန်ကို မြှင့်တင်ဖို့အတွက် ရန်ပုံငွေရှာဖွေတဲ့နေရာမှာ မူးယစ်ဆေးဝါးရောင်းချတာဟာ အဓိကလုပ်ငန်းတွေထဲက တစ်ခုလိုဖြစ်လာခဲ့ပါတယ်" ဟု အပီကစ်က ရိုက်တာသတင်းဌာနနှင့်ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

"ကျွန်တော်တို့အနေနဲ့ မူးယစ်ဆေးဝါးမှောင်ခိုကူးမှုနဲ့ ဆက်နွှယ်တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး သတိဝီရိယရှိဖို့လိုသလို အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တယ်" ဟု အပီကစ်က ပြောသည်။

မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာကိုလွှဲပြောင်းရယူခဲ့သည့် ၂၀၂၁ ခုနှစ်ကစပြီး တိုင်းရင်းသားလက်နက်ကိုင်များနှင့် အတိုက်အခံလက်နက်ကိုင်အဖွဲ့များသည် တပ်မတော်နှင့် စစ်မျက်နှာအများအပြားဖွင့်ပြီး တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ယခုနှစ်ပထမ ၈ လခွဲ ကာလအတွင်း ထိုင်းနိုင်ငံမြောက်ပိုင်းပြည်နယ်များဖြစ်သည့် ချင်းမိုင်၊ ချင်းရိုင် နှင့်မယ့်ဟုန်ဆန် ပြည်နယ်များတွင် မက်သာဖီတမင်းဆေးပြားများ ဖမ်းဆီးရမိမှုသည် ၂၀၂၃ ခုနှစ်တစ်နှစ်လုံးတွင်  ဖမ်းဆီးရမိသည့်ပမာဏထက် ၁၇၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဆေးပြားပေါင်း ၃၄၆ သန်းရှိခဲ့သည်ဟု ONCB က ထုတ်ပြန်ခဲ့သည်။

ထိုပြည်နယ်များတွင် crystal meth ဖမ်းဆီးရမိမှုပမာဏသည် ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၃၉ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး အလေးချိန်အားဖြင့် ၆ ဒသမ ၄၈ တန်ချိန်ရှိခဲ့သည်ဟု ONCB ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုင်းတွင် ဘိန်းဖြူမှောင်ခိုသွင်းမှု တစ်ဖန်ပြန်လည်မြင့်တက်လာခဲ့ပြီး ယခုနှစ်အတွင်း ဖမ်းဆီးရမိသည့် ဘိန်းဖြူပမာဏ ၃၂၇ ကီလိုဂရမ် (၇၂၁ ပေါင်) ရှိခဲ့ကာ ထိုပမာဏသည် ပြီးခဲ့သည့်နှစ်က ဖမ်းဆီးရမိခဲ့သည့် ဘိန်းဖြူပမာဏထက် ခုနစ်ဆနီးပါး မြင့်တက်ခဲ့သည်။

Most Read

Most Recent