ကျောက်ဆည်တွင် တောင်ကျချောင်းရေထဲဖြတ်မောင်းစဉ် ယာဉ်နှင့်အတူ ပါသွားသည့် ယာဉ်မောင်း၏ အလောင်းပြန်လည်တွေ့ရှိ

ကျောက်ဆည်တွင် တောင်ကျချောင်းရေထဲဖြတ်မောင်းစဉ် ယာဉ်နှင့်အတူ ပါသွားသည့် ယာဉ်မောင်း၏ အလောင်းပြန်လည်တွေ့ရှိ
Published 2 October 2024

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် တောင်ကျချောင်းရေထဲဖြတ်မောင်းစဉ် ယာဉ်နှင့်အတူ ပါသွားသည့် ယာဉ်မောင်း၏ အလောင်းပြန်လည်တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံလမူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး)မှ သိရသည်။

ကျောက်ဆည်မြို့ ဘိလပ်မြေစက်ရုံအနီးရှိ တောင်ကျချောင်းကို ဖြတ်မောင်းစဉ် မော်တော်ယာဉ်တစ်စီးနှင့် လူတစ်ဦးမှာ ရေထဲမျောပါသွားခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မော်တော်ယာဉ်ကို ယင်းညပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့သော်လည်း ယာဉ်မောင်းဖြစ်သူကို ရှာဖွေမတွေ့ရှိခဲ့ဘဲ အောက်တိုဘာ ၂ ရက် နံနက်ပိုင်းမှသာ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရေစီးနှင့်အတူ ပါသွားသည့် မော်တော်ယာဉ်မှာ ပရိုဘောက်ယာဉ်အမျိုးအစားဖြစ်ပြီး ယာဉ်မောင်းဖြစ်သူ၏ အလောင်းအား အောက်တိုဘာ ၂ ရက် နံနက်တွင် ချောင်းအတွင်းမှ ပြန်လည်တွေ့ရှိခဲ့ကြောင်း အဆိုပါ အသင်းထံမှ သိရသည်။

ရေထဲ မျောသွားသည့် ယာဉ်နှင့် ယာဉ်မောင်း၏ အလောင်းအား မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ကျောက်ဆည်မြို့နယ်ရုံး)၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ၊စက်ရုံတာဝန်ရှိသူများ နှင့် ဝန်ထမ်းများ မှ ပူးပေါင်းကာ ဆယ်တင်ခဲ့ကြောင်း သိရသည်။