အစ္စရေးစစ်တပ်က လက်ဘနွန်တောင်ပိုင်း နယ်စပ်ဒေသရှိ ဟစ်ဇဘိုလာပစ်မှတ်များကို တိုက်ခိုက်သည့် မြေပြင်စစ်ဆင်ရေးကို စတင်

အစ္စရေးစစ်တပ်က လက်ဘနွန်တောင်ပိုင်း နယ်စပ်ဒေသရှိ ဟစ်ဇဘိုလာပစ်မှတ်များကို တိုက်ခိုက်သည့် မြေပြင်စစ်ဆင်ရေးကို စတင်
ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက် ဘာအယ်လ်အဘက်ကို ညပိုင်းတွင် အစ္စရေးက လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ခြင်းကြောင့် ပျက်စီးမှုများကို အောက်တိုဘာ ၁ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက် ဘာအယ်လ်အဘက်ကို ညပိုင်းတွင် အစ္စရေးက လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ခြင်းကြောင့် ပျက်စီးမှုများကို အောက်တိုဘာ ၁ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 1 October 2024

အစ္စရေးစစ်တပ်က အောက်တိုဘာ ၁ ရက်တွင် မြေပြင်စစ်ဆင်ရေးစတင်ခဲ့ပြီး နောက် အစ္စရေးတပ်သားများသည် လက်ဘနွန်တွင် ပြင်းထန်သော တိုက်ပွဲများကို တိုက်ခိုက်နေသည်ဟု အစ္စရေးကပြောသည်။

လူရာချီသေဆုံးခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများ တစ်ပတ်ကြာလုပ်ဆောင်ခဲ့ပြီးနောက် အစ္စရေးနှင့်ဟစ်ဇဘိုလာတို့ ပဋိိပက္ခမြင့်တက်လာပြီး အစ္စရေးက လက်ဘနွန်ကို မြေပြင်စစ်ဆင်ရေးစတင်ခဲ့ခြင်း ဖြစ်သည်။

ဒေသတွင်း စစ်မီးမလောင်စေရေးအတွက်သည်းခံရန် နိုင်ငံတကာတောင်းဆိုမှုများရှိနေသည့်တိုင် အစ္စရေးက ဘေရွတ်တောင်ပိုင်း၊ ဒမတ်စကတ်၊ ဂါဇာတို့ကိုပစ်မှတ်ထားလျက်ရှိစဉ် မြေပြင်စစ်ဆင်ရေးဖြစ် ပေါ်လာခြင်းဖြစ်သည်။

ဘေရွတ်ကို ကြီးကြီးမားမား တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ခြင်းကြောင့် စက်တင်ဘာ ၂၇ ရက်တွင် ဟစ်ဇဘိုလာ အကြီးအကဲ ဟာဆန်နာဆရယ်လာ သေဆုံးသွားသော်လည်း စစ်ပွဲပြီးဆုံးရန် အလှမ်းဝေးနေသည်ဟု အစ္စ ရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဂါးလန့်က သတိပေးခဲ့သည်။ နာဆရယ်လာသေဆုံးသွားခြင်းသည် အီရန်ကျောထောက်ခံပေးထားသောဟစ်ဇဘိုလာအုပ်စုအတွက်ကြီးမားသောထိုးနှက်ချက်ဖြစ်ခဲ့သည်။

လေကြောင်းနှင့်လက်နက်ကြီးပစ်ကူတို့ဖြင့် အစ္စရေးတပ်ဖွဲ့များသည် နယ်စပ်တစ်လျှောက်မြို့ရွာများ၌ရှိသော ဟစ်ဇဘိုလာနေရာများကို “ပစ်မှတ်ထားသော မြေပြင်စီးနင်းတိုက်ခိုက်မှုများ”လုပ်ဆောင်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

အဆိုပါ ပစ်မှတ်များက အစ္စရေးမြောက်ပိုင်းရှိ မြိ့ရွာများအတွက် ချင်ချင်းလက်ငင်းဖြစ်လာသော ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာခဲ့ပြီး နယ်စပ်တစ်လျောက်တောင်ပိုင်းဇုန်ကို ကားဖြင့်သွားခြင်းမပြုရန်  လက်ဘနွန်အရပ်သားများကို သတိပေးထားသည်။

“လက်ဘနွန်တောင်ပိုင်းမှာ ပြင်းထန်တဲ့တိုက်ပွဲဖြစ်ပွားနေပါတယ်”ဟု အစ္စရေးစစ် တပ်ပြောရေးဆိုခွင့်ရှိသူ အဗီချေးအက်ဒရီးက တယ်လီဂရမ်တွင်ပြောကြားခဲ့သည်။

“ခင်ဗျားတို့ရဲ့ကိုယ်ရေးကိုယ်တာ ဘေးကင်းရေးအတွက် လစ်တနီမြစ်ရဲ့မြောက်ပိုင်းကနေ တောင်ပိုင်းကို ကားတွေနဲ့သွားတာမျိုးမလုပ်ဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံထားပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်သည် လက်ဘနွန်နှင့် ထိစပ်နေသော ၎င်း၏နယ်စပ်ဒေသများကို စစ်ဇုန်အဖြစ် စောစောပိုင်းတွင် ကြေညာခဲ့သည်။ အစ္စရေးမြောက်ပိုင်းမြို့များဖြစ်သော အဗီဗင်နှင့်မီတူလာတို့ကို လက်ဘနွန်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

“မီတူလာမြို့မှာ ရန်သူစစ်သားတွေရဲ့လှုပ်ရှားမှုကို လက်နက်ကြီးတွေနဲ့ နှစ်ကြိမ်ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်”ဟု ဟစ်ဇဘိုလာက ပြောကြားခဲ့သည်။

အောက်တိုဘာ ၁ ရက်တွင် အိန်း-အယ်လ်ဟယ်ဝါ စခန်းကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် လူခြောက်ဦးသေဆုံးသွားခဲ့သည်ဟု လက်ဘနွန်အစိုးရ သတင်းဌာနဖြစ်သော အမျိုးသားသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ သေဆုံးသွားသူများထဲတွင် ဟာဆန်မာဒက်ပါဝင်သည်ဟု ဆိုသည်။ ဟာဆန်မာဒက်သည် ပါလက်စတိုင်းအုပ်စုဖာတာ၏လက်ဘနွန်လက်ကိုင်အဖွဲ့ခွဲကို ဦးဆောင်နေသော ဟာဆန်မာဒက် ၏သားဖြစ်သည်။                          

Ref: AFP

Most Read

Most Recent