ဟစ်ဇ်ဘိုလာခေါင်းဆောင် ချေမှုန်းခံရမှုတွင် အမေရိကန်နိုင်ငံရေးခေါင်းဆောင်များက အစ္စရေးကို ထောက်ခံ

ဟစ်ဇ်ဘိုလာခေါင်းဆောင် ချေမှုန်းခံရမှုတွင် အမေရိကန်နိုင်ငံရေးခေါင်းဆောင်များက အစ္စရေးကို ထောက်ခံ
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်တောင်ပိုင်းတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြိုကနေသည့်အဆောက်အအုံများကို စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ်(Photo:AP)
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်တောင်ပိုင်းတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြိုကနေသည့်အဆောက်အအုံများကို စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ်(Photo:AP)
Published 30 September 2024

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်တွင် အစ္စရေးက ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် ဟက်ဆန်နာဆရာလာကို လေကြောင်းတိုက်ခိုက်မှုဖြင့် နှိမ်နင်းခဲ့ပြီးနောက် အမေရိကန်နိုင်ငံရေးခေါင်းဆောင်များက အစ္စရေးဘက်မှ ထောက်ခံကြောင်း ပြသခဲ့ကြသည်။

ဒီမိုကရက်များဖြစ်သည့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဒုတိယသမ္မတ ကာမလာဟဲရစ်၊ ရီပတ်ဘလစ်ကန် အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်တို့က စက်တင်ဘာ ၂၇ ရက်က ဖြစ်ပွားခဲ့သည့် အစ္စရေး၏ လေ ကြောင်းတိုက်ခိုက်မှုကို ထောက်ခံကြောင်း ဖော်ပြခဲ့ကြသည်။

ရီပတ်ဘလစ်ကန် သမ္မတဟောင်းဖြစ်သည့် ဒေါ်နယ်ထရမ့်ကမူ  နာဆရာလာအား ချေမှုန်းမှုနှင့်တပ်သက်ပြီး မှတ်ချက်ပြုခဲ့ခြင်း မရှိသေးပေ။

“ဟက်ဆန်နာဆရာလာဟာ  လွန်ခဲ့တဲ့ ဆယ်စုနှစ်လေးစုကျော်ကတည်းက အမေရိကန်နိုင်ငံသား ရာချီသေဆုံးမှုအတွက် တာဝန်ရှိတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ကို  ဦးဆောင်သူဖြစ်ပါတယ်”ဟု ဘိုင်ဒင်က စက်တင်ဘာ ၂၈ ရက်က ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

“အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့် သူ့ရဲ့သေဆုံးမှုဟာ ထောင်နဲ့ချီတဲ့ အမေရိကန်တွေ၊ အစ္စရေးတွေနဲ့ လက်ဘနွန် ပြည်သူတွေအပါအဝင်  သူ့ကြောင့်နစ်နာသူ တွေအတွက် တရားစီရင်မှု တစ်ခုဖြစ်ပါတယ်”ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

ဘိုင်ဒင်အစိုးရအဖွဲ့က ဒေသတွင်း တင်းမာမှုများကို လျှော့ချရန် တိုက်တွန်းခဲ့သော်လည်း မကြာသေးမီ သီတင်းပတ်များအတွင်း လက်ဘနွန်တွင် အစ္စရေး၏ တိုက်ခိုက်မှုများ မြင့်တက်ခဲ့ပြီးနောက် အစ္စရေးကို ထိန်းထိန်း သိမ်းသိမ်းလုပ်ဆောင်စေရန် လက်နက်ရောင်းချမှုကို ဆိုင်းငံ့မှုအပါအဝင် ၎င်း၏ သြဇာအာဏာကို အသုံးပြုရန် စိတ်ဝင်စားမှု အနည်းငယ်သာ ပြသခဲ့သည်။

အစ္စရေးကလည်း သံတမန်ရေးရာ သဘောတူညီမှုများ လုပ်ဆောင်ရန် တိုက်တွန်းချက်များကို လျစ်လျူရှုပြီး တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်မည်ဟု ကတိပြုခဲ့သည်။

“သမ္မတ ဘိုင်ဒင်နဲ့ ကျွန်မဟာ အရှေ့အလယ်ပိုင်းမှာ ကျယ်ပြန့်တဲ့ ဒေသတွင်း စစ်ပွဲဖြစ်လာမှာကို မလိုလားပါဘူး။ ဒေသတွင်း တည်ငြိမ်မှုရရှိဖို့နဲ့ အရပ်သားတွေကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ သံတမန်ရေးရာ ဆွေးနွေးညှိနှိုင်းရေးဖြစ်ပါတယ်”ဟု ဒုသမ္မတ ဟဲရစ်က ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၆ ရက်ကစပြီး လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ကလေး ၈၇ ဦး၊ အ မျိုးသမီး ၅၆ ဦး အပါအဝင် လူ ၁၀၃၀ ထက်မနည်း သေဆုံးခဲ့သည်။

နာဆရာလာသေဆုံးခဲ့သည့် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများတွင် လူနေအဆောက်အအုံအချို့လည်း ပြိုကျပျက်စီးခဲ့သဖြင့် နောက်ဆုံးရ သေဆုံးသူစုစုပေါင်း အရေအတွက်ကိုမူ မသိရသေးပေ။

မကြာသေးမီ သီတင်းပတ်များအတွင်း အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ဟစ်ဇ်ဘိုလာထိပ်သီးအရာရှိများ သေဆုံးခဲ့ပြီးနောက်  ခေါင်းဆောင်ဖြစ်သူ နာဆရာလာသေဆုံးမှုသည် ဟစ်ဇ်ဘိုလာအဖွဲ့နှင့် အီရန်၏ ကျော ထောက်နောက်ခံရရှိထားသည့် လက်နက်ကိုင်အဖွဲ့များအတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်။

ဟစ်ဇ်ဘိုလာအဖွဲ့အနေဖြင့် မည်သို့တုံ့ ပြန်မည်ကို မသိရသေးသော်လည်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကမူ ဒေသတွင်း အမေရိကန်တပ်ဖွဲ့များနှင့်  အဆောက်အအုံများကို ကာကွယ်သွားမည်ဟု ပြောကြားခဲ့သည်။     

Ref:Al Jazeera

Most Read

Most Recent