ဒဂုံမြို့သစ်(တောင်ပိုင်း) ၁၀၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူး တစ်ဦးအား သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သည့် Anonymous Force အဖွဲ့ခေါင်းဆောင် အပါအဝင် ၁၂ ဦးအား ဖမ်းဆီးရမိ

ဒဂုံမြို့သစ်(တောင်ပိုင်း) ၁၀၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူး တစ်ဦးအား သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သည့် Anonymous Force အဖွဲ့ခေါင်းဆောင် အပါအဝင် ၁၂ ဦးအား ဖမ်းဆီးရမိ
Published 28 September 2024

ဒဂုံမြို့သစ်(တောင်ပိုင်း)  ၁၀၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူး တစ်ဦးအား သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သည့် Anonymous Force အဖွဲ့ခေါင်းဆောင် အပါအဝင် ၁၂ ဦးအား ဖမ်းဆီးရမိ

 

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၁၀၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သည့် Anonymous Force အဖွဲ့ခေါင်းဆောင်အပါအဝင် ၁၂ ဦးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

 

 

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၀၇)ရပ်ကွက်၊ ငုဝါမြိုင်လမ်းရှိ ရစဖရုံး၌ ရစဖမှူး ဦးကြည်ထွန်း၊ ရာအိမ်မှူး ဦးဆွေမြင့်အောင် နှင့် ရုံးအကူ ဦးမျိုးမြင့်ထွန်း(ခ)သားကြီးတို့ ၃ ဦးသည် ရုံးလုပ်ငန်းများ ဆောင်ရွက်နေစဉ် (စိစစ်ဆဲ) အမျိုးသား လေးဦးမှ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ရစဖမှူး နှင့် ရာအိမ်မှူးတို့ သေဆုံးခဲ့ပြီး ရုံးအကူမှာ မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ်(၇၂)ရပ်ကွက်၊ ဇီဇဝါလမ်းတွင် တရားခံ ကျော်စွာအောင်(ခ)ကျော်စွာနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၇၁)ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းတွင် တင်ဝင်း(ခ)ဝင်းချို တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် တင်ဝင်း(ခ)ဝင်းချို ၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၂၅ ရက် နေ့လယ်ပိုင်းတွင် ရွှေပေါက္ကံမြို့သစ်၊ အမှတ်(၁၂)ရပ်ကွက်၊ (၈၅)လမ်း၌ အောင်မင်းခန့်(ခ) ကျော်ကျော်နန္ဒ၊ ၎င်းနှင့်တရားမဝင်ပေါင်းသင်းနေထိုင်သူ ယုနန္ဒာစိုးတို့ နှစ်ဦး၊ စက်တင်ဘာ ၂၆ရက် နေ့လယ်ပိုင်းတွင် အုတ်တွင်းမြို့ နယ်၊ ကျွဲပွဲဘူတာ၌ ခင်မောင်ဌေး(ခ)ကျန်ကျောင်း၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ အိမ်အမှတ်(၃၁၉)တွင် ရဲရင့်အောင်(ခ)ကိုရဲ(ခ)တင်ထွန်း တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် ရဲရင့်အောင်(ခ)ကိုရဲ(ခ)တင်ထွန်း၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းတွင် လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေးကားဝင်းအတွင်း၌ ထက်ကြီး(ခ) ကျော်ကြီး၊ အာကာဖြိုး(ခ)အောင်မင်းခန့်နှင့် လျှန်းထက်အောင် တို့ သုံးဦးအား Sigsauer ပစ္စတိုသေနတ် တစ်လက်၊ Glock ပစ္စတို တစ်လက်၊ ကျည်အိမ် နှစ်ခု၊ ၉ မမ ကျည် ၂၀ တောင့်တို့နှင့် အတူ ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ထို့အပြင် စက်တင်ဘာ ၂၇ ရက် ညနေပိုင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၀၇)ရပ်ကွက်၌ နေလင်း၊ တင်လှနှင့် မြင့်ကျော်တို့ သုံးဦးအား အသီးသီးထပ်မံဖမ်းဆီး ရမိခဲ့ပြီး ဖြစ်စဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့အား လုပ်ကြံသတ်ဖြတ်ခဲ့သည့် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး တစ်ဦးတို့အား Sigsauer ပစ္စတို သေနတ် တစ်လက်၊ Glock ပစ္စတို တစ်လက်၊ ကျည်အိမ် နှစ်ခု၊ ၉ မမကျည် ၂၀ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

ဖမ်းဆီးရမိထားသူများ၏ ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလခန့်တွင် ရဲရင့်အောင်(ခ)ကိုရဲ(ခ)တင်ထွန်း၊ ထက်ကြီး(ခ)ကျော်ကြီးနှင့် အာကာဖြိုး(ခ)အောင်မင်းခန့်တို့သည် KNLA တပ်မဟာ(၂) နယ်မြေသို့သွားရောက်၍ ဖောက်ခွဲဖျက်ဆီးရေး သင်တန်းအား တစ်လ တက်ရောက်ခဲ့ကြောင်း၊ ဖောက်ခွဲဖျက်ဆီးရေးသင်တန်းဆင်းပြီးနောက် ရန်ကုန်မြို့သို့ ပြန်လာခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် Anonymous Force အဖွဲ့အား ရဲရင့်အောင်(ခ)ကိုရဲ(ခ)တင်ထွန်း ခေါင်းဆောင်၍ ခင်မောင်ဌေး(ခ)ကျန်ကျောင်း၊ ထက်ကြီး(ခ)ကျော်ကြီး၊ အာကာဖြိုး(ခ)အောင်မင်းခန့်၊ လျှန်းထက်အောင်၊ အောင်မင်းခန့်(ခ) ကျော်ကျော်နန္ဒ၊ ဖမ်းဆီးရန်ကျန် ဖြိုးဇင်အောင်တို့ ပါဝင်သော အဖွဲ့ဝင် (၇)ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးပြုခဲ့သည့် လက်နက်/ခဲယမ်းများအား KNLA တပ်မဟာ(၇) တွင် ခိုအောင်းနေထိုင်လျက်ရှိသည့် ဖမ်းဆီးရန်ကျန် မှတ်ကြီး(ခ)မှုံကြီး မှ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ထက်ကြီး(ခ)ကျော်ကြီးနှင့် ယုနန္ဒာစိုး တို့ထံတွင် သိုဝှက်သိမ်းဆည်းခဲ့သည်ဟု ဖော်ထုတ်သိရှိရကြောင်း နစကမှ ထုတ်ပြန်သည်။

ဖမ်းဆီးရမိထားသူများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန် မှတ်ကြီး(ခ)မှုံကြီး မှ Anonymous Force အဖွဲ့အား ရန်ကုန်မြို့အတွင်း၌ ဒလန်ရှင်းလင်းရေး အကြောင်းပြကာ အစိုးရဝန်ထမ်းများနှင့် ပြည်သူများအား လုပ်ကြံသတ်ဖြတ်ရန် စေခိုင်းခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် မတိုင်မီကာလတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၀၇)ရပ်ကွက်၌ မြင့်ကျော် သည် ရစဖမှူး အဖြစ်လည်းကောင်း၊ ခင်မောင်ဌေး(ခ)ကျန်ကျောင်းနှင့် နေလင်း တို့သည် ရစဖရုံးစာရေးများ အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်သဖြင့် လက်ရှိ ရစဖမှူးနှင့် ရစဖရုံးစာရေးများအပေါ် ပုဂ္ဂိုလ်ရေးအရ မကျေနပ်မှုများရှိနေသဖြင့် ဒလန်ဟု စွပ်စွဲကာ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း နစကမှ ထုတ်ပြန်သည်။

ဖမ်းဆီးရမိထားသူများ၏ ထွက်ဆိုချက်အရ Anonymous Force အဖွဲ့သည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၀၇)ရပ်ကွက် ရစဖမှူးနှင့် ရာအိမ်မှူးတို့အား လုပ်ကြံသတ်ဖြတ်ရန် မြင့်ကျော်၊ နေလင်း၊ တင်ဝင်း(ခ)ဝင်းချိုနှင့် တင်လှတို့မှ လုပ်ကြံသတ်ဖြတ်မှုမတိုင်မီ တစ်ပတ်ခန့်ကြိုတင်၍ Scout ကြည့်ရှု့ခဲ့ကြောင်း၊ ၎င်းနောက် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ခင်မောင်ဌေး(ခ)ကျန်ကျောင်း၊ ကျော်စွာအောင်(ခ)ကျော်စွာ၊ အာကာဖြိုး(ခ) အောင်မင်းခန့်၊ အောင်မင်းခန့်(ခ)ကျော်ကျော်နန္ဒတို့ ၄ ဦးသည် မော်တော်ယာဉ်ဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၀၇)ရပ်ကွက်၊ ငုဝါမြိုင်လမ်းရှိ ရစဖရုံးသို့ သွားရောက်ခဲ့ပြီး အာကာဖြိုး (ခ)အောင်မင်းခန့်နှင့် အောင်မင်းခန့်(ခ)ကျော်ကျော်နန္ဒတို့မှ ရစဖမှူး ဦးကြည်ထွန်း၊ ရာအိမ်မှူး ဦးဆွေမြင့်အောင်နှင့် ရုံးအကူ ဦးမျိုးမြင့်ထွန်း(ခ)သားကြီးတို့အား ပစ္စတိုဖြင့် ၁၄ ချက်ပစ်ကာ လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု ဖော်ထုတ်သိရှိရကြောင်း နစကမှ ထုတ်ပြန်သည်။

ထို့အပြင် ဖမ်းဆီးရမိထားသူများ၏ ထွက်ဆိုချက်အရ Anonymous Force အဖွဲ့ ဝင်များသည် ၎င်းတို့နှင့် ပုဂ္ဂိုလ်ရေးအရ အဆင်မပြေသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်မှု တစ်ကြိမ်၊ ဖောက်ခွဲ ဖျက်ဆီးမှု တစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး ၂ဝ၂၄ ခုနှစ်၊ မေ ၁၃ ရက်တွင် လှိုင်သာယာမြို့နယ်၊ အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သူအား ဒလန်ဟုစွပ်စွဲ၍ အာကာဖြိုး(ခ)အောင်မင်းခန့်၊ အောင်မင်းခန့်(ခ)ကျော်ကျော်နန္ဒတို့မှ ပစ္စတိုဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် ထက်ကြီး(ခ)ကျော်ကြီးနှင့် လျှန်းထက်အောင်တို့ ၂ ဦးမှ Scout ကြည့်ရှု ပေးခဲ့ကြောင်း၊  ဇွန်လ ပထမပတ်တွင် အာကာဖြိုး(ခ)အောင်မင်းခန့်၊ အောင်မင်းခန့်(ခ) ကျော်ကျော်နန္ဒ တို့မှ လက်ပစ်ဗုံး နှစ်လုံးဖြင့် ကမာရွတ်မြို့မရဲစခန်းအား ပစ်ခတ်ဖောက်ခွဲခဲ့ရာတွင် ထက်ကြီး(ခ)ကျော်ကြီးနှင့် လျှန်းထက်အောင်တို့ ၂ ဦးမှ Scout ကြည့်ရှုပေးခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

ဖမ်းဆီးရမိထားသူများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန် မှတ်ကြီး(ခ) မှုံကြီး မှ လုပ်ကြံသတ်ဖြတ်မှုများနှင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် Anonymous Force အဖွဲ့ အား Kpay မှတစ်ဆင့် လုပ်ကြံသတ်ဖြတ်မှုနှင့် အကြမ်းဖက်မှု တစ်ကြိမ် လျှင် ငွေကျပ်သိန်း ၃၀ ထောက်ပံ့ပေးခဲ့ကြောင်း၊ ရရှိသောငွေကြေးများအား Anonymous Force အဖွဲ့ ခေါင်းဆောင် ရဲရင့်အောင်(ခ)ကိုရဲ(ခ)တင်ထွန်းမှ ပြန်လည်ခွဲဝေပေးသည်ဟု ဖော်ထုတ်သိရှိရကြောင်း နစကမှ ထုတ်ပြန်သည်။

Most Read

Most Recent