မြောက်ကိုရီးယား၏ အမှိုက်အိတ်များပါရှိသည့် မိုးပျံပူဖောင်းများကြောင့် သေဆုံးသူရှိခဲ့မည်ဆိုပါက စစ်ရေးအရ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဟု တောင်ကိုရီးယား သတိပေး

မြောက်ကိုရီးယား၏ အမှိုက်အိတ်များပါရှိသည့် မိုးပျံပူဖောင်းများကြောင့် သေဆုံးသူရှိခဲ့မည်ဆိုပါက စစ်ရေးအရ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဟု တောင်ကိုရီးယား သတိပေး
Published 23 September 2024

မြောက်ကိုရီးယား၏ အမှိုက်အိတ်များ ပါရှိသည့် မိုးပျံပူဖောင်းများကြောင့် တောင်ကိုရီးယားတွင် သေဆုံးသူတစ်စုံတစ်ရာရှိ လာခဲ့မည်ဆိုပါက စစ်ရေးအရ ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားက စက်တင်ဘာ ၂၄ ရက် တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် မေလကတည်းက အမှိုက်များထည့်ထားသည့် အိတ်များကို တွဲချည်ထားသည့် မိုးပျံပူဖောင်း ၅၅၀၀ ကျော်ကို တောင်ကိုရီးယားဘက်သို့ လွှတ်တင်ခဲ့သဖြင့် တောင်ကိုရီးယားတွင် လေကြောင်း လိုင်းများ အနှောင့်အယှက်ဖြစ်ခြင်း၊ မီးလောင်မှုများ ဖြစ်ပွားခြင်းနှင့် အစိုးရအဆောက်အအုံများကို ထိုမိုးပျံပူဖောင်းများ ထိမှန်ခြင်းတို့ ဖြစ်ပွားခဲ့သည်။

မြောက်ကိုရီးယားကမူ တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူများက မြောက်ကိုရီးယားဘက်သို့ ၀ါဒဖြန့် အကြောင်းအရာများပါသည့် မိုးပျံပူဖောင်းများ လွှတ်တင်မှုကို တုံ့ပြန်သည့်အနေဖြင့် အမှိုက်အိတ်များ တွဲချည်ထားသည့် မိုးပျံပူဖောင်းများကို လွှတ်တင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ အမှိုက်အိတ်များ သယ်ဆောင်ထားသည့် မိုးပျံပူဖောင်းများသည် ကြီးမားသည့် လုံခြုံရေးချိုးဖောက်မှုဖြစ်ပြီး စည်းကျော်နေသည်ဟု ယူဆရကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲဲ့ (JCS) ၏ ပြောရေးဆိုခွင့်ရှိသူ လီဆန်ဂျွန်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ မိုးပျံပူဖောင်းများကြောင့် တစ်စုံတစ်ဦး သေဆုံးခဲ့မည်ဆိုပါက ပြတ်သားသည့် အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ မိုးပျံပူဖောင်း အများစုထဲတွင် စက္ကူအမှိုက်များပါဝင်ပြီး ကျန်းမာရေးအတွက် အန္တရာယ်မရှိသော်လည်း မကြာသေးမီ သီတင်းပတ်များအတွင်း မြောက်ကိုရီးယား၏ မိုးပျံပူဖောင်းများတွင် အီလက်ထရောနစ် ပစ္စည်းများပါဝင်သဖြင့် မီးလောင်မှုအချို့ ဖြစ်ပွားခဲ့မှုအပေါ် စိုးရိမ်မှုများ ထွက်ပေါ်ခဲ့သည်။

“ကျွန်တော်တို့ စစ်တပ်က မြောက်ကိုရီးယားစစ်တပ်ကို အနီးကပ်စောင့်ကြည့်နေပြီး မိုးပျံပူဖောင်းတွေကိုလည်း အချိန်နဲ့တစ်ပြေးညီ ခြေရာခံ စောင့်ကြည့်နေပါတယ်”ဟု လီက ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ နောက်ဆုံးအကြိမ်  မိုးပျံပူဖောင်းလွှတ်တေင်မှုကြောင့် အင်ချွန်လေဆိပ်တွင် လေကြောင်းလိုင်းများ ယာယီ အနှောင့်အယှက်ဖြစ်ခဲ့ရပြီးနောက် နာရီပိုင်းအကြာတွင် တောင်ကိုရီးယား၏ သတိပေးချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

စက်တင်ဘာ ၁၅ ရက်ကလည်း မြောက်ကိုရီးယားက လွှတ်တင်လိုက်သည့် အမှိုက်အိတ်များပါသည့် မိုးပျံပူဖောင်းတစ်လုံးသည် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရှိ အဆောက်အအုံ၏ အမိုးပေါ် ကျရောက်ခဲ့ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

ထိုမီးလောင်ကျွမ်းမှုကို မီးသတ်ကား ၁၅ စင်း၊ မီးသတ်တပ်ဖွဲ့ဝင် ၅၆ ဦးတို့ဖြင့် ၁၈ မိနစ်ကြာ ငြိှမ်းသတ်ခဲ့ရပြီး ထိခိုက်ဒဏ်ရာရ သူမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား၏ လုပ်ဆောင်ချက်ကို တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားက နှစ်နိုင်ငံအကြား တင်းမာမှုများ လျှော့ချသည့် စစ်ရေးသဘောတူညီချက်ကို ဆိုင်းငံ့ခဲ့ပြီး နယ်စပ်ဒေသတစ်လျှောက် မြောက်ကိုရီးယား ဆန့်ကျင်သည့် ၀ါဒဖြန့်မှုများကို အသံချဲ့စက်များဖြင့် ထုတ်လွှင့်နေမှုကို ပြန်လည်လုပ် ဆောင်ခဲ့သည်။

Ref:AFP

                            

Most Read

Most Recent