မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်သင့် ဒေသများအတွက် အိန္ဒိယနိုင်ငံအစိုးရနှင့် အာဆီယံ AHA Centre တို့မှ လူသားချင်းစာနာမှု အကူအညီပစ္စည်းများ လွှဲပြောင်းပေးအပ်

မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်သင့် ဒေသများအတွက် အိန္ဒိယနိုင်ငံအစိုးရနှင့် အာဆီယံ AHA Centre တို့မှ လူသားချင်းစာနာမှု အကူအညီပစ္စည်းများ လွှဲပြောင်းပေးအပ်
Published 17 September 2024

 

မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်သင့် ဒေသများအတွက် အိန္ဒိယနိုင်ငံအစိုးရနှင့် အာဆီယံ AHA Centre တို့မှ လူသားချင်းစာနာမှု အကူအညီပစ္စည်းများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့သည့် ယာဂီ တိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသည့် ဒေသများအတွက် အိန္ဒိယနိုင်ငံအစိုးရမှ လူသားချင်းစာနာထောက်ထားမှု အကူအညီများဖြစ်သည့် အစားအသောက်၊ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်း၊ တာပေါ်လင်များနှင့် ဆေးဝါးများကို အိန္ဒိယလေတပ်မှ သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် ပေးပို့ခဲ့ရာ ယနေ့(စက်တင်ဘာ ၁၇ ရက်)တွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာပြီး လူသားချင်းစာနာမှုအကူအညီပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားအား ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက လူသားချင်းစာနာထောက်ထားမှု အကူအညီ ပစ္စည်းများကို လွှဲပြောင်းပေးခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန( ၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် တက်ရောက်၍ ပစ္စည်းများ လက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါ အိန္ဒိယလေတပ်သယ်ယူပို့ဆောင်ရေးလေယာဉ်နှင့် ခြင်ထောင်၊ အသင့်စား အစားအစာထုပ်၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ဆိုလာမီးအိမ်၊ မီးစက်၊ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းများ၊ ယာယီတဲများ၊ ရေသန့်စင်ရေးဆိုင်ရာပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ၊ စုစုပေါင်း ပစ္စည်းတန်ချိန် ၃၀ ကျော် ပါရှိကြောင်း သိရသည်။

ထို့အပြင် အစားအစာ၊ အဝတ်အထည်၊ ဆေးဝါး၊ တာပေါ်လင်နှင့် ယာယီတဲများ သယ်ဆောင်လာသည့် အိန္ဒိယနိုင်ငံ ရေတပ်မှ စစ်ရေယာဉ်သည် ယနေ့(စက်တင်ဘာ ၁၇ ရက်) ညပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းမှုဌာနမှ ထောက်ပံ့သည့် အမေရိကန်ဒေါ်လာ ၃၃ သိန်းကျော် တန်ဖိုးရှိ မိသားစုသုံးပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်းများ၊ မိသားစုသုံး မိုးကာတဲများ၊ တာပေါ်လင်၊ ရေသန့်စက်များနှင့် အခြား အရေးပေါ်သုံးပစ္စည်းများ ပါဝင်သည့် စုစုပေါင်း အလေးချိန် ကီလိုဂရမ် ၅၉၃၆၀ ရှိ ပစ္စည်းများအား မြန်မာအမျိုးသားလေကြောင်းလိုင်း (MMA)၊ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI)တို့နှင့် သယ်ဆောင်လျက်ရှိရာ ယနေ့ (စက်တင်ဘာ ၁၇ ရက်)တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ခဲ့ကြောင်း သိရသည်။ 

အစိုးရအနေဖြင့် ရေဘေးဒဏ်သင့်သူများအတွက် အရေးပေါ်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေးမူနှင့် ဆောင်ရွက်လျက်ရှိပြီး ရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများအား ရေဘေးသင့်ဒေသများသို့ အမြန်ဆုံး ပို့ဆောင်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။ 

Most Read

Most Recent