အာတီတာလက်ထက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်အဝေးကွင်း (၆)ပွဲဆက် အာဆင်နယ် အနိုင်ရခဲ့ပြီး အဝေးကွင်း (၁၁)ပွဲဆက် ရှုံးပွဲမရှိအောင်စွမ်းဆောင်ထား

အာတီတာလက်ထက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်အဝေးကွင်း (၆)ပွဲဆက် အာဆင်နယ် အနိုင်ရခဲ့ပြီး အဝေးကွင်း (၁၁)ပွဲဆက် ရှုံးပွဲမရှိအောင်စွမ်းဆောင်ထား
Photo: Premier League
Photo: Premier League
Published 16 September 2024

အာဆင်နယ်အသင်းသည် နည်းပြအာတီတာလက်ထက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်အဝေးကွင်း (၆)ပွဲဆက် အနိုင်ရရှိခဲ့ပြီး နောက်ဆုံးအဝေးကွင်း(၁၁)ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် စပါးနှင့်ပွဲတွင် အဝေးကွင်း၌ (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် အဆိုပါမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်း၏ နည်းပြ အာတီတာသည် ၂၀၁၉ ဒီဇင်ဘာတွင် အသင်းနှင့် စတင်လက်တွဲခဲ့ပြီး ရာသီအပြည့်ဖြတ်သန်းမှု (၄)ရာသီရှိခဲ့ပြီးဖြစ်သော်လည်း ယခင်က အဝေးကွင်း၌ အများဆုံး(၅)ပွဲဆက်အထိ အနိုင်ရရှိအောင်သာ စွမ်းဆောင်နိုင်ခဲ့သည်။

၂၀၂၁-၂၂ ရာသီတွင် လိဒ်စ်၊ နောဝစ်ချ်၊ ဝုလ်ဗ်၊ ဝက်ဖို့ဒ်နှင့် အက်စတွန်ဗီလာတို့ကို (၅)ပွဲဆက်အနိုင်ရခဲ့ခြင်းဖြစ်သည်။

ယခုအခါ ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီတွင် နောက်ဆုံးအဝေးကွင်း(၄)ပွဲဆက် အနိုင်ရခဲ့ပြီး ယခု ၂၀၂၄-၂၅ ရာသီ၌ အဝေးကွင်း(၂)ပွဲဆက် အနိုင်ရခဲ့သည့်အတွက် အာတီတာလက်ထက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်အဝေးကွင်း(၆)ပွဲဆက် အနိုင်ရသည့်မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာတီတာသည် ပြီးခဲ့သည့်ရာသီ၌ ပရီးမီးယားလိဂ်အဝေးကွင်းနောက်ဆုံး(၄)ပွဲတွင် ဘရိုက်တန်၊ ဝုလ်ဗ်၊ စပါး၊ မန်ယူတို့ကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ယခုရာသီတွင် အက်စတွန်ဗီလာနှင့် စပါးတို့ကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အာဆင်နယ်အသင်းအနေဖြင့် ယခုကဲ့သို့ ပရီးမီးယားလိဂ်၌ အဝေးကွင်း(၆)ပွဲဆက် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခြင်းမှာ ဂန္ထဝင်နည်းပြ အာစင်ဝင်းဂါးလက်ထက် ၂၀၁၃ ခုနှစ်က (၈)ပွဲဆက် အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း အများဆုံးအဝေးကွင်းနိုင်ပွဲဆက် အရေအတွက်ဖြစ်ကြောင်းလည်း သိရသည်။

အာစင်ဝင်းဂါးသည် ၂၀၁၂-၁၃ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ နောက်ဆုံးအဝေးကွင်း(၅)ပွဲတွင် ဆွမ်ဆီး၊ ဝက်စ်ဘရွန်း၊ ဖူလ်ဟမ်၊ QPR နှင့် နယူးကာဆယ်တို့ကို အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ၂၀၁၃-၁၄ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ရာသီအဖွင့်အဝေးကွင်း(၃)ပွဲတွင် ဖူလ်ဟမ်၊ ဆန်းဒါးလန်းနှင့် ဆွမ်ဆီးတို့ကို အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ယခုအခါ အာတီတာအနေဖြင့် အာစင်ဝင်းဂါး၏စံချိန်ကို လိုက်မီရန် (၂)ပွဲသာ လိုတော့သော်လည်း လာမည့်ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်၌ ရင်ဆိုင်ရမည့်အသင်းမှာ လက်ရှိချန်ပီယံ မန်စီးတီးအသင်းဖြစ်နေသောကြောင့် အလားအလာနည်းပါးနေပြီး အဝေးကွင်း၌ ရှုံးပွဲမရှိရန်သာ ကြိုးပမ်းရဖွယ်ရှိနေသည်။

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ရာသီက ဖူလ်ဟမ်အသင်းကို အဝေးကွင်းတွင် (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် လက်ရှိအချိန်အထိ (၁၁)ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားရာ၌ (၁၀)ပွဲအထိ အနိုင်ရရှိခဲ့ပြီး သရေကျခဲ့သည့်ပွဲမှာ မန်စီးတီးနှင့်ပွဲဖြစ်ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် အသင်းခေါင်းဆောင် အော်ဒီဂွါနှင့် ဒက်ကလန်ရိုက်စ်တို့ မပါဝင်နိုင်ခြင်းကြောင့် စပါးနှင့်ပွဲတွင် ရုန်းကန်ခဲ့ရသော်လည်း အဝေးကွင်း၌ နိုင်ပွဲဆက်ခဲ့ခြင်းဖြစ်ပြီး မန်စီးတီးနှင့်ပွဲတွင်မူ ဒက်ကလန်ရိုက်စ် ပြန်ကစားနိုင် မည်ဖြစ်သည်။ 

Most Read

Most Recent