တနိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၄၀ နီးပါးတွင် ရေကြီးရေလျှံမှုများဖြစ်ပွားကာ လူရာနှင့်ချီ သေဆုံးခဲ့ပြီး အကူအညီများ ထပ်မံလိုအပ်နေ

တနိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၄၀ နီးပါးတွင် ရေကြီးရေလျှံမှုများဖြစ်ပွားကာ လူရာနှင့်ချီ သေဆုံးခဲ့ပြီး အကူအညီများ ထပ်မံလိုအပ်နေ
Photo-AFP
Photo-AFP
Published 14 September 2024

တနိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၄၀ နီးပါးတွင် ရေကြီးရေလျှံမှုများဖြစ်ပွားကာ လူရာနှင့်ချီ သေဆုံးခဲ့ပြီး အကူအညီများ ထပ်မံလိုအပ်နေသည်ဟု မြေပြင်ရှိ ပရဟိတအသင်းများ၏ ပြောကြားချက်များအရ သိရသည်။

ရေဘေးဒဏ် ခံစားရသည့် ဒေသများမှာ တောင်ငူ၊ တာချီလိတ်၊ ကလော၊ ရမည်းသင်း၊ နေပြည်တော်ရှိ တပ်ကုန်း၊ ဘားအံ၊ ညောင်ရွှေ၊ ဇီးကုန်း၊ ထန်းတပင် အစရှိသည့် မြို့နယ်ပေါင်း ၄၀ နီးပါးခန့်တွင် စက်တင်ဘာ ၁၁ ရက်မှ စတင်ကာရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျေးရွာအချို့မှာ ရွာလုံးကျွတ်ရေနစ်မြုပ်မှု များဖြစ်ပွားခဲ့သည်။

The Daily Eleven သတင်းစာ၏ မေးမြန်းချက်များအရ ရေကြီးမှုတွင် ထိခိုက်မှုအများဆုံးမှာ နေပြည်တော်တပ်ကုန်း၊ ရမည်းသင်း၊ ကလောမြို့နယ်များဖြစ်ပြီး ရေစီးနှင့် မျောပါပြီး သေဆုံးမှု၊ မြေပြိုမှုကြောင့် သေဆုံးမှု၊ ရေနစ်သေဆုံးမှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

မိုးထိမိုးမိရွှေလုပ်ကွက်များရှိသည့် ရမည်းသင်းမြို့နယ်တွင် သပြေပင်ကျေးရွာအပါအဝင် တောင်ပေါ်ကျေးရွာများမှာ ရွာလုံးကျွတ်ရေနစ်မြုပ်ပြီး ရွှံ့နွံများ ဖုံးလွှမ်းခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

" ဒီနေ့မနက်အထိတော့ မနေ့က စာရင်းသေဆုံးနဲ့ ပျောက်ဆုံး ၇၅ ပဲရှိသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မျှော်မှန်းထားတာထက် ပိုဆိုးနိုင်တယ်။ ဆိုးဆိုးဝါးဝါးအခြေအနေအထိ ကြားရနိုင်တယ်။ အခုက တောင်ပေါ်ကို တက်လို့လည်း မရဖြစ်နေတယ်။ ကမ်းပါးတွေကလည်း ပြိုကျထားတာတွေ ဖြစ်နေတယ်။ အဲ့ဒီက ထွက်လာမယ့်သတင်းက တော်တော်ဆိုးဆိုးဝါးဝါးဖြစ်နိုင်တယ်။ ဒါပေမဲ့ အတိအကျ မရနိုင်သေးဘူးဖြစ်နေတယ်။ ကျွန်တော်တို့ကလည်း ရမ်းပြီးပြောလို့ မရသေးဘူး။ စာရင်းကတော့ ၇၅ နဲ့ ရပ်နေတာပေါ့။ နွားတွေ၊ တိရစ္ဆာန်တွေ သေတာတွေလည်းရှိတယ်" ဟု ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာအခြေအနေနှင့် ပတ် သက်ပြီး ဒေသခံတစ်ဦးက စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။

အဆိုပါ သပြေပင်ကျေးရွာမှာ လူထောင်ချီရှိပြီး ရွှေလုပ်ကွက်များတွင် လုပ်ကိုင်ကြသဖြင့် အတန်အသင့်ပြေလည်သူများကြောင်း၊ ကျေးရွာမှာလည်း စည်စည်ကားကားရှိကြောင်း၊ တောင်ခြေတွင် အလောင်းအချို့ကိုလည်း တွေ့ရပြီး ကလေးငယ်အလောင်းအချို့ကိုလည်း တွေ့ရကြောင်း သိရသည်။

" သပြေပင်မှာ လူထောင်နဲ့ချီ ရှိလောက်တယ်။ ရွှေတောလုပ်ကွက် တပိုင်တနိုင်လုပ်ကွက်လည်းရှိတော့ နေတဲ့သူများတယ်။ တော်တော်လည်း စည်စည်ကားကားကို ဖြစ်နေတာ။ ရွာကလည်း ရွှေလုပ်ကွက်နဲ့ဆိုတော့ နေနိုင် စားနိုင်တဲ့သူများတယ်။ အဆင်ပြေကြတယ်။ ကြေးနီကန်မကြီးမှာ ပေါ်လာတဲ့အလောင်းတွေလည်းတွေ့တယ်။ ကလေးအလောင်းလေးတွေလည်း တွေ့ရတယ်" ဟု ရမည်းသင်းဒေသခံတစ်ဦးက ပြောကြားသည်။

ရေကြီးမြေပြိုမှုဖြစ်စဉ်မှာ စက်တင်ဘာ ၁၂ ရက် နံနက်အ‌စောပိုင်းတွင် ဖြစ်ပွားခဲ့ရာ ညအချိန်ဖြစ်သဖြင့် လူသေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

"ဖြစ်တာက တမြန်နေ့ ညပိုင်းပေါ့။ ရက်နဲ့ဆို ၁၂ ရက်နေ့ ၁ နာရီလောက်မှာဖြစ်တာပေါ့။ ညဘက်ဆိုတော့ လူသေဆုံးတာတွေ ဖြစ်တယ်။ အခုထိဆို ပျောက်ဆုံးနဲ့ သေဆုံးက ၇၅ ဦးထွက်တယ်။ သေစာရင်းအတိအကျတော့ မထွက်သေးဘူး။ ဒါက အခုချိန်ထိ စာရင်းပေါ့။ မနက်ဖန်ဆို စာရင်းက ထပ်ထွက်လာ‌လောက်တယ်။ တောင်ပေါ်မှာက ရွှေကျင်းတွေရှိတယ်။ အဲ့ဒီမှာလည်း သေတာ ပိတ်မိတာတွေရှိတယ်။ ဘယ်လောက်ဆိုတာ မသိရသေးဘူး"ဟု ‌ရမည်းသင်းဒေသခံတစ်ဦးက ပြောကြားသည်။

တောင်‌ခြေရှိ ကျေးရွာများမှာ တောင်ပေါ်မှာ ရေနှင့်အတူပါလာသည့် ရွှံ့၊ သဲများဖုံးလွှမ်းခဲ့ပြီး လက်ရှိတွင်လည်း တောင်ပေါ်သို့ တက် ရောက်နိုင်သည့် လမ်းများပျက်စီးခဲ့သဖြင့် သွားရောက်ရန် မလွယ်ကူကြောင်း သိရသည်။

" ကန်သာအေးကျေးရွာဆိုရင် အိမ်တလုံးနဲ့ လူတစ်ယောက် ပါသွားတာ။ အခုချိန်ထိ အစအန ရှာမတွေ့သေးဘူး။ ‌ပြောရရင်တော်တော် ဆိုးဆိုးဝါးဝါးပါပဲ" ဟု ရမည်းသင်းဒေသခံတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ရမည်းသင်း မိုးထိမိုးမိရွှေလုပ်ကွက်များရှိသည့် သပြေအေးကျေးရွာအပါအဝင် အခြားကျေးရွာများမှာ ရွှံ့နွံများ ဖုံးလွှမ်းနေပြီး နေအိမ်များလည်း နစ်မြုပ်သွားကြောင်း၊ စက်တင်ဘာ ၁၄ ရက်တွင် မိုးရွာသွန်းမှုမရှိသဖြင့် တောင်ပေါ်ကျေးရွာများ၏ အခြေအနေများသိရှိရန် မည်သို့တက်ရောက်ရမည်ကို ကြိုးစားမည်ဖြစ်ကြောင်း ဒေသခံအချို့က ပြောကြားသည်။

အလားတူ တောင်ငူမြို့တွင်လည်း စစ်တောင်းမြစ်ရေ တက်လာသဖြင့် တောင်ငူမြို့ပေါ်ရပ်ကွက်များ၊ တောင်ငူမြို့ ပတ်ဝန်းကျင်ကျေးရွာများတွင် ရေကြီး နစ်မြုပ်မှုများ ဖြစ်ပွားကာ ပရဟိတအသင်းများက ညပိုင်းတွင်လည်း ကယ်ဆယ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် တောင်ငူမြို့ခံ ပရဟိတတာဝန်ရှိသူတစ်ဦးက “ဒိုးအင်း၊ လေးအိမ်စု၊ အရှေ့ဆင်ရွာ၊ ကျေးအင်း၊ ထုံးဘို၊ ကွမ်းသီးပင်၊ သဖန်းပင်၊ ချောင်းကမ်း၊ ရွာတန်းရှည်၊ ပိတောက်ကုန်း၊ လက်ပံတံခါး၊ သရက်တော၊ ရှမ်းဝတီး၊ ဆင်ရွာလေး၊ နောင်ဘို၊ ကမ်ဘားနီ၊ ပဒဲ၊ ကျွန်းသာယာ၊ အခြေအနေအရမ်းဆိုးနေပါတယ်။ နှစ်ထပ်အိမ်တောင် ရေထိပြီး တစ်ချို့ ခေါင်မိုးပေါ်တက်နေပါပြီ။ လူတစ်ချို့ သစ်ပင်ပေါ်တက်နေရပြီး သက်ကြီးရွယ်အိုနဲ့ ကလေးတွေပိတ်မိနေပါတယ်။ တစ်ချို့ရွာတွေက တာတမံကျိုးသွားတာကြောင့် ပိတ်မိနေတာပါ အခြေအနေအရမ်းဆိုးနေပါပြီ ကူညီကယ်ဆယ်ဖို့ ကြိုးစားနေပါတယ်။ တစ်ချို့နေရာသွားကယ်ဖို့တောင် အန္တရာယ်ရှိပါတယ်” ဟု ၎င်း၏ လူမှုကွန်ယက်တွင် ရေးသားထားသည်။

ရေဘေးကယ်ဆယ်ရေးဆောင်ရွက်နေသည့် ပရဟိတအသင်းများ အဓိကကြုံတွေ့ရသည့်အခက်အခဲမှာ အသက်ကယ်လှေများ မလုံလောက်မှု၊ ရေစီးသန်ခြင်း အစရှိသည့်အခြေအနေများဖြစ်သည်ဟု သိရသည်။

" ဖုန်းနဲ့ အကောင့်အောက်မှာ အကူအညီပေးကြဖို့ လာမန့်ကြတာတွေအများကြီးပဲ။ နေရာအကုန်လုံးကို မရောက်နိုင်ဘူးဖြစ်နေတယ်။ အဓိက လှေပေါ့။ သိတဲ့သူတွေဆီကနေ အကူအညီတောင်းရတယ်။ မရှိရင် အားချင်းဝယ်နိုင်အောင် အလှူခံရတယ်" ဟု နေပြည်တော်တပ်ကုန်းတွင် ကယ်ဆယ်မှုများ ဆောင်ရွက်နေ သည့် ပရဟိတအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

" ဘော်လံတီယာ လူအားကလုံလောက်နေပါပြီ။ ရေတအားကြီးတဲ့နေရာတွေမှာ တကယ်လိုအပ်တာက လှေအကြီးနဲ့ စက်အားကောင်းကောင်းရယ်

စက်လှေကျွမ်းကျွမ်းကျင်ကျင်မောင်းတတ်တဲ့သူရယ်၊ ရေကူးကျွမ်းကျင်တဲ့သူရယ်ပါပဲဗျာ။ လှေမဝင်နိုင်တဲ့နေရာ လူက ရေကူးသွားပြီး

သွားခေါ်တင်ရလို့ပါဗျာ။ ရေဆင်းသွားမယ့်ဒေသများ မပေါ့ဆပဲ ကြိုတင်ပြင်ဆင်ထားစေချင်ပါတယ်ဗျာ။ ရေကချက်ချင်းတက်တာမဟုတ်ပဲစတက်ချင်းဖြေးဖြေးချင်းတက်ကာ ကိုယ်တစ်ပိုင်းလောက်ရောက်လာရင်အိမ်မြုပ်တာ အရမ်းမြန်ပါတယ်လို့ဖြစ်ခဲ့တဲ့ နေရာတိုင်းကပြောကြပါတယ်ဗျာ။ ဒါကြောင့် ရေနည်းနည်းရောက်လာရင်

မပေါ့ဆကြဖို့သတိအမြဲရှိကြဖို့အကြံပြုပါရစေဗျာ" ဟု ရေဘေးလူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကိုတိုးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စက်တင်ဘာ ၁၃ ရက် ရေဘေးနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တွင် တိုင်းနှင့်ပြည်နယ် ခုနစ်ခုရှိ မြို့နယ်ပေါင်း ၃၄ မြို့နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး အိမ်ထောင်စု ၅၉၄၁၃ စု၊ လူဦးရေ ၂၃၆၆၄၉ ဦး ရှိကြောင်း၊ ၎င်းတို့အတွက် ကူညီကယ်ဆယ်ရေးစခန်း ၁၈၇ ခု ဖွင့်လှစ်ပေးထားပြီးဖြစ်ကြောင်းနှင့် နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်းလုံးရှိ ရေကြီးနစ်မြှုပ်မှုများကြောင့် အသက်ဆုံးရှုံးရသူ ၃၃ ဦး ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက " သေဆုံးမှု၊ ဒဏ်ရာရမှုအနေနဲ့ တစ်နိုင်ငံလုံးမှာ သေဆုံးမှု ၃၃ ဦး ရှိတယ်။ ဒဏ်ရာရ တစ်ဦး ရှိပါတယ်။ တစ်ချို့နေရာတွေမှာလည်း မိုးစရွာကတည်းက၊ မိုးကြီးကတည်းက ဆက်သွယ်မှု ပြတ်တောက်နေတဲ့ နေရာတွေတော့ ရှိတယ်။ ရမည်းသင်းဘက်မှာဆိုရင် အတည်မပြုနိုင်သေးတဲ့ သတင်းအရ ရမည်းသင်းရဲ့ မိုးထိမိုးမိ ရွှေတွင်းလုပ်ကွက်တွေပေါ့၊ တစ်ချို့နေရာတွေမှာ ပြောင်းရွှေ့နေထိုင်နေတဲ့သူတွေ ရှိတယ်။ ဒီဟာတွေနဲ့ပတ်သက်ပြီးလည်း မြေပြိုကျပြီးတော့ ပျောက်ဆုံးမှုတွေရှိတယ်လို့ သိတယ်။ အဲဒါတွေကိုတော့ ကျွန်တော်တို့ လိုက်လံစုံစမ်းနေဆဲပဲ ဖြစ်တယ်"ဟု ပြောကြားသည်။

ရေဘေးနှင့် ပတ်သက်ပြီး အနုပညာရှင်အချို့၊ နာမည်ကျော်အားကစားသမားအချို့နှင့် ပုဂလိက တစ်ဦးချင်းစုပေါင်းကာ လှူဒါန်းခြင်းများလည်းရှိသည်။

လက်ဝှေ့ချန်ပီယံဟောင်းတစ်ဦးဖြစ်သည့် ထွန်းထွန်းမင်းက ၄င်းရရှိခဲ့သည့် ချန်ပီယံခါးပတ်ကို ရေဘေးကူညီရန် လေလံတင်ရောင်းချလျက်ရှိပြီး စက်တင်ဘာ ၁၄ ရက်အထိ ကျပ်သိန်း ၃၇၀ အမြင့်ဆုံးရရှိထားကြောင်း၊ ချန်ပီယံခါးပတ်ကို လေလံကြမ်းခင်းစျေး ကျပ်သိန်း ၅၀၀ သတ်မှတ်ထားပြီး စက်တင်ဘာ ၂၀ ရက်တွင် လေလံစျေးအမြင့်ဆုံးပေးသူကို ပေးအပ်မည်ဖြစ်ကြောင်း အသိပေးထားသည်။

" ဒီခါးပတ်ကို ရရှိဖို့ ကျွန်တော့ရဲ့အသက်နဲ့ ရင်းပြီးကြိုးစားခဲ့သလို ကျွန်တော် တန်ဖိုးထားမြတ်နိူးတဲ့ ခါးပတ်ဖြစ်နေပေမယ့်လည်း ရေဘေးသင့်ပြည်သူတွေနဲ့ယှဉ်လာတဲ့အခါ ကျွန်တော့မှာ ခံနိုင်ရည်မရှိတော့ပါဘူး၊ဒါ့ကြောင့် ကျွန်တော့အနေနဲ့ ဒီ ခါးပတ်ရဲ့ လေလံပွဲလေးကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်၊

လေလံပွဲမှာ အများဆုံး ပေးနိုင်တဲ့သူကို ကျွန်တော့ရဲ့ ခါးပတ်ကို ပေးအပ်သွားမှာပါ။ ဒီခါးပတ်ရဲ့ အလှူငွေကိုလည်း ကျွန်တော့အတွက် တစ်ပြားတစ်ချပ် မကျန်အောင် အကုန်လှူတန်းသွားမှာပါ" ဟု ချန်ပီယံဟောင်း ကိုထွန်းထွန်းမင်းက ပြောကြားသည်။

ထို့ပြင် အနုပညာရှင်များကလည်း သရုပ်ဆောင် ခိုင်နှင်းဝေမှ တစ်ဆင့် လှူဒါန်းမှုများ ပြုလုပ်လျက်ရှိပြီး သရုပ်ဆောင် ခိုင်နှင်းဝေအနေဖြင့် ကျပ်သိန်း သုံးထောင်ကျော် အလှူငွေများရရှိကာ ကူညီမှုများ ဆောင်ရွက်နေသည်ဟု သရုပ်ဆောင် ခိုင်နှင်းဝေက အသိပေးထားသည်။

ထို့ပြင် တနိုင်တပိုင်ပုဂ္ဂလိက အလှူရှင် များကလည်း ပရဟိတအသင်းများထံ ရေဘေးအတွက် အလှူငွေများကို လှူဒါန်းလျက် ရှိသည်။

သို့သော် ရေဘေးနှင့် ပတ်သက်ပြီး လို အပ်ချက်များမှာ ရှိနေဆဲဖြစ်ကာ ရေနစ်နေသူ များကို ပရဟိတအသင်းများက လိုက်လံကယ် ဆယ်နေရဆဲဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းကမှ ရေ ကြီးရေလျှံမှုကြောင့် ကယ်ဆယ်မှုများဆောင် ရွက်ခဲ့ရသည့် တောင်ငူကဲ့သို့ မြို့များမှာ ရေ ဘေးဒဏ်ကို နှစ်လအတွင်း သုံးကြိမ်မြောက် ခံစားခဲ့ရသည်။

အလားတူ နေပြည်တော်ကဲ့သို့နေရာမှာလည်း ရေကြီးရေလျှံမှုဒဏ်ကို ခံစားခဲ့ရခြင်း မရှိသည့်နေရာတွင်လည်း ရေကြီးရေလျှံမှု ကြောင့် လူအများရေဘေးဒဏ်သင့်ခဲ့ပြီး သေဆုံးမှုများလည်းရှိခဲ့သည်။

ယင်းကြောင့် ရေဘေးအတွက် ကူညီကယ်ဆယ်မှုများ ဆက်တိုက်လိုအပ်လျက်ရှိ ပြီး ကယ်ဆယ်ရေး မရောက်ရှိသည့်ကျေးရွာ များကိုလည်း ကူညီကယ်ဆယ်မှုများ ပြုလုပ်ရန် လိုအပ်လျက်ရှိသည်။

လတ်တလောတွင် ပြန်လည်ထူထောင် ရေးလုပ်ငန်းများထက် ရေဘေးအတွက်ကယ် ဆယ်ရေးလုပ်ငန်းများကို အရေးတကြီးလို အပ်နေချိန်လည်းဖြစ်ကာ နောက်ပိုင်းတွင် ပြန်လည်ထူထောင်ရေးအတွက် ထပ်မံလုပ် ဆောင်ရမည်လည်းဖြစ်သည်။

Most Read

Most Recent