ဂျိတ်ပေါလ်နှင့်ထိုးသတ်မည့်ပွဲ မသေချာသေးသော်လည်း ရင်းနှီးမြှုပ်နှံသည့် စီးပွားရေးကုမ္ပဏီများထံမှ မိုက်တိုင်ဆန် ဒေါ်လာ(၉)သန်း ရရှိထား

ဂျိတ်ပေါလ်နှင့်ထိုးသတ်မည့်ပွဲ မသေချာသေးသော်လည်း ရင်းနှီးမြှုပ်နှံသည့် စီးပွားရေးကုမ္ပဏီများထံမှ မိုက်တိုင်ဆန် ဒေါ်လာ(၉)သန်း ရရှိထား
Photo: Fox News
Photo: Fox News
Published 14 September 2024

 

YouTuber ဂျိတ်ပေါလ်နှင့် ထိုးသတ်မည့် လက်ဝှေ့ပွဲမှာ သေချာမှု မရှိသေးသော်လည်း ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်းဖြစ်သည့် မိုက်တိုင်ဆန် သည် ရင်းနှီးမြှုပ်နှံသည့် စီးပွားရေးကုမ္ပဏီများထံမှ ဒေါ်လာ(၉)သန်း ရရှိထားပြီဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ 

နိုဝင်ဘာလ(၁၅)ရက်၌ ပြုလုပ်မည့် မိုက်တိုင်ဆန်-ဂျိတ်ပေါလ် လက်ဝှေ့ပွဲမှာ ပွဲမတိုင်မီ တစ်ရက်အလိုအထိ သေချာမှုမရှိကြောင်း သိရသည်။ ယင်းပွဲကို အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်ရှိ AT&T Stadium တွင် ပြုလုပ်ရန် စီစဉ်ထားခြင်းလည်း ဖြစ်သည်။ အစောပိုင်းက ယင်းပွဲကို ဇူလိုင်လ အတွင်းကျင်းပရန် စီစဉ်ထားသော်လည်း မိုက်တိုင်ဆန်၏ကျန်းမာရေးအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ပြီး နိုဝင်ဘာလ(၁၅)ရက်တွင် ထိုးသတ်ရန် ထပ်မံသဘောတူခဲ့သည်။  

သို့သော် ပရိသတ်များအနေဖြင့် ယင်းပွဲကြည့်ရှုရရန်မှာ ပွဲထိုးသတ်ရန် (၂၄)နာရီအလိုမှ သေချာပေါက်အတည်ပြုနိုင်မည်ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ လက်ဝှေ့ထိုးသတ်ခွင့်လိုင်စင် ချထားပေးမည့် အာဏာပိုင်များသည် ပွဲထိုးသတ်ချိန်၌ အသက်(၅၈)နှစ်ရှိနေမည်ဖြစ်သည့် မိုက်တိုင်ဆန်၏ ကျန်းမာရေးအခြေအနေကို အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။ 

World Boxing News ၏သတင်းတွင် အာဏာပိုင်များ သည် ပွဲမထိုးသတ်မီ တစ်ရက်အလိုအထိ စောင့် ကြည့်သွားမည်ဖြစ်ကြောင်း ရေးသားခဲ့သည်။ ထို့ကြောင့် မိုက်တိုင်ဆန်-ဂျိတ်ပေါလ်ပွဲမှာ ပွဲထိုးသတ်ရန် (၂၄)နာရီအလိုအထိ ပျက်ပြယ်နိုင်ခြေ ရှိနေသေးကြောင်း သိရသည်။ မိုက်တိုင်ဆန်သည် ယခုနှစ်အစောပိုင်းတွင် မိုင်ယာမီမှ လော့အိန်ဂျလိစ်မြို့သို့ လေယာဉ်ဖြင့် သွားရောက်ရာတွင် အရေးပေါ် ဆေးကုသမှု ခံယူခဲ့ရဖူးသည်။ 

သို့သော် မိုက်တိုင်ဆန်က ဂျိတ်ပေါလ်နှင့်ပွဲသည် စီစဉ်ထားသည့်အတိုင်း ဖြစ်လာမည်ဖြစ်ပြီး ၎င်းအနေဖြင့် ပြိုင်ဘက်ဖြစ်သူကို တစ်စစီဖြိုဖျက်ပစ်နိုင်မည်ဟုလည်း ယုံကြည်နေလျက်ရှိသည်။  မိုက်တိုင်ဆန် သည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ(၂၈) ရက်က ရွိုင်းဂျုံးစ်ဂျူနီယာနှင့် သရုပ်ပြလက်ဝှေ့ပွဲ ထိုးသတ်ပြီးကတည်းက လက်ဝှေ့ကြိုးဝိုင်းနှင့် ကင်းကွာနေခြင်းဖြစ်သည်။ 

မိုက်တိုင်ဆန်- ဂျိတ်ပေါလ်ပွဲ ဖြစ်မြောက်ခြင်း ရှိ၊ မရှိမှာ လိုင်စင်ချပေးမည့် အာဏာပိုင်များပေါ်တွင် မူတည်နေပြီး ပရိုလက်ဝှေ့ပွဲ အစား သရုပ်ပြပွဲအဖြစ် ပြောင်းလဲမှု သို့မဟုတ် ခွင့်ပြုချက်မပေးမှုကို စောင့်ကြည့်ရမည်ဖြစ်သည်။

Most Read

Most Recent