မြန်မာ့လက်ရွေးစင်အသင်းနည်းပြအဖြစ် ပြည်တွင်းနည်းပြ ဦးမျိုးလှိုင်ဝင်းအား တာဝန်ပေးခန့်အပ်ကြောင်း MFF ထုတ်ပြန်

မြန်မာ့လက်ရွေးစင်အသင်းနည်းပြအဖြစ် ပြည်တွင်းနည်းပြ ဦးမျိုးလှိုင်ဝင်းအား တာဝန်ပေးခန့်အပ်ကြောင်း MFF ထုတ်ပြန်
Photo: MFF
Photo: MFF
Published 9 September 2024

မြန်မာနိုင်ငံဘောလုုံးအဖွဲ့ချုပ်(MFF) သည် မြန်မာ့လက်ရွေးစင်အမျိုးသားအသင်း နည်းပြအဖြစ် ပြည်တွင်းနည်းပြ ဦးမျိုးလှိုင်ဝင်းအား တာဝန်ပေးခန့်အပ်ကြောင်း တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံဘောလုုံးအဖွဲ့ချုပ်(MFF) ၏ သတင်းထုတ်ပြန်မှုတွင် ဦးမျိုးလှိုင်ဝင်းအား မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းနည်းပြအဖြစ် တာဝန်ပေးခန့်အပ်လိုက်ကြောင်းသာ ပါရှိခဲ့ပြီး စာချုပ်သက်တမ်းကိုမူ ဖော်ပြခြင်းမရှိခဲ့ကြောင်း သိရသည်။

သို့သော် ထွက်ပေါ်နေသည့်သတင်းများအရ မြန်မာနိုင်ငံဘောလုုံးအဖွဲ့ချုပ်(MFF) သည် ဦးမျိုးလှိုင်ဝင်းအား မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းနည်းပြအဖြစ် နှစ်နှစ်စာချုပ်ချုပ်ဆိုကာ တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးမျိုးလှိုင်ဝင်းသည် မြန်မာ့လက်ရွေးစင်အသင်းအတွက် နည်းပြအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းသွားမည်ဖြစ်ပြီး မကြာမီ နည်းပြအဖွဲ့တွင်ပါဝင်မည့်သူများကို သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

ဦးမျိုးလှိုင်ဝင်းသည် မြန်မာ့လက်ရွေးစင်အသင်းကို တာဝန်ယူပြီးနောက် ပထမဆုံးအဖြစ် လာမည့်အောက်တိုဘာအတွင်း FIFA အသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ထို့နောက် နိုဝင်ဘာတွင် မြန်မာ့လက်ရွေးစင်အသင်း၏ စင်ကာပူ၊ လက်ဘနွန်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည့် FIFA အသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲများကို ဆက်လက်တာဝန်ယူကိုင်တွယ်ရမည်ဖြစ်သည်။

ထို့နောက်  ဦးမျိုးလှိုင်ဝင်းသည် ပထမဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ် ၂၀၂၄ ASEAN Cup (မစ်ဆူဘီရှီအီလက်ထရစ်ဖလား) ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်းကို တာဝန်ယူကိုင်တွယ်ရမည်ဖြစ်သည်။

ထို့နောက် ဦးမျိုးလှိုင်ဝင်းသည် ၂၀၂၅ ခုနှစ်မှစ၍ ၂၀၂၇ အာရှဖလား ခြေစစ်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်း၏ ပွဲများကို ဆက်လက်တာဝန်ယူကိုင်တွယ်ရမည်ဖြစ်သလို နိုင်ငံတကာခြေစမ်းပွဲများကိုလည်း ကိုင်တွယ်ရမည်ဖြစ်သည်။

ဦးမျိုးလှိုင်ဝင်းသည် ယခင် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်ဖြစ်သူ  ဂျာမနီနိုင်ငံသား ဖိုက်ရှ်အွန်ဘိုင်နာလက်ထက်တွင် လက်ထောက်နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူဖြစ်သည်။

မြန်မာနိုင်ငံဘောလုုံးအဖွဲ့ချုပ်(MFF) သည် ပြီးခဲ့သည့်သြဂုတ်လဆန်းပိုင်းက ဂျာမနီနိုင်ငံသား ဖိုက်ရှ်အွန်ဘိုင်နာနှင့် နှစ်ဖက်သဘောတူညီမှုဖြင့်လမ်းခွဲခဲ့ပြီး လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့သူ ဦးမျိုးလှိုင်ဝင်းကို နည်းပြအဖြစ် တာဝန်ပေးအပ်လိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံဘောလုုံးအဖွဲ့ချုပ်(MFF) သည်  မြန်မာ့လက်ရွေးစင်အသင်း ဂိုးနည်ပြဖြစ်သူ ဂျာမနီနိုင်ငံသား မိုက်ရှ်အန်ဒရီကို့စ်ကိုလည်း သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားသည်။

ဦးမျိုးလှိုင်ဝင်းသည် ရှမ်းယူနိုက်တက်အသင်းနှင့် ယခုရာသီအစကမှ (၅)နှစ် ကာလရှည်စာချုပ် ချုပ်ဆိုကာ နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်နေခဲ့သေည်လည်း MFF ၏ တောင်းဆိုမှုအရ  ရှမ်းယူနိုက်တက်နှင့်လမ်းခွဲကာ မြန်မာ့လက်ရွေးစင်အသင်းကို ပြောင်းလဲကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။      

Most Read

Most Recent