သံတွဲမြို့နယ် မောင်ရွှေလေးရွာရှိ တပ်မတော်(ရေ)၏  ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်စခန်းအား တိုက်ခိုက်သိမ်းယူခဲ့ဟု AA ထုတ်ပြန်လာ

သံတွဲမြို့နယ် မောင်ရွှေလေးရွာရှိ တပ်မတော်(ရေ)၏  ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်စခန်းအား တိုက်ခိုက်သိမ်းယူခဲ့ဟု AA ထုတ်ပြန်လာ
Published 7 September 2024

သံတွဲမြို့နယ် မောင်ရွှေလေးရွာရှိ တပ်မတော်(ရေ)၏  ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်စခန်းအား တိုက်ခိုက်သိမ်းယူခဲ့ကြောင်း ရက္ခိုင့်တပ်တော်( AA)က  စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန်လာသည်ကို တွေ့ရသည်။ 

AA အဖွဲ့အနေဖြင့် သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေနှင့် သံတွဲလေဆိပ်တို့အား တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် သြဂုတ် ၇ ရက်မှစတင်ကာ တပ်မတော်(ရေ)၏ ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်စခန်းနှင့် ပတ်ဝန်းကျင်နေရာများကို ဆက်လက်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

မောင်ရွှေလေးရွာ၊ ကွင်းဝိုင်းရွာ၊ သပြုချိုင်ရွာ၊ ရေတပ်ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်စခန်းနှင့် ၎င်းပတ်ဝန်းကျင်ဒေသတွင် တစ်လနီးပါးကြာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၅ ရက်တွင် ယင်းရေတပ်စခန်းကို သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

အဆိုပါတိုက်ပွဲများတွင် တပ်မတော်ဘက်မှ လေကြောင်း၊ ရေကြောင်း ပစ်ကူများဖြင့် ပြန်လည်တိုက်ခိုက်မှုများရှိခဲ့ကြောင်းလည်း သိရသည်။ 

တပ်မတော်(ရေ)၏ ရေတပ်ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်စခန်းတွင် အခြားနေရာများမှ ဒဏ်ရာရစစ်သည်များ၊ စစ်သင်တန်းဆင်းလာသူများ၊ စစ်ကူများဖြင့် တပ်မတော်ဘက်မှ အင်အားဖြည့်တင်းထားသည့်နေရာဖြစ်ပြီး ရေတပ်စခန်းအပါအဝင် ၎င်းပတ်ဝန်းကျင်၌ တပ်မတော်ဘက်မှ စုစုပေါင်းအင်အား ၁၂ဝဝ ကျော်ရှိခဲ့ကြောင်း  AA အဖွဲ့က ၎င်းတို့၏သိရှိထားမှုအား ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။  

ယင်း ရေတပ်စခန်းအား ဝင်ရောက်တိုက်ခိုက်ရာတွင် တပ်မတော်ဘက်မှ အကျအဆုံး ၄ဝဝ ခန့်ထိရှိခဲ့ကြောင်း၊  ဒဏ်ရာရသူများအပါအဝင် ကျန်သူများမှာ တပ်မတော်က ဧရာဝတီတိုင်းနှင့် စစ်တွေမြို့ဘက်သို့ စစ်သင်္ဘောများဖြင့် ခေါ်ဆောင်သွားသည်ဟု AA အဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း ၎င်းတို့အဖွဲ့၏ အကျအဆုံး စာရင်းများပါဝင်ခြင်းမရှိပေ။ 

တပ်မတော်(ရေ)၏ ရေတပ်ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်စခန်းအား AA အဖွဲ့က တိုက်ခိုက်သိမ်းယူမှုနှင့် ပတ်သက်၍ တပ်မတော်နှင့် နစက သတင်းထုတ်ပြန်ရေးအဖွဲ့က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းမရှိသေး ဘဲ သတင်းထုတ်ပြန်လာပါက ဆက်လက်ဖော်ပြပေးမည်ဖြစ်ပါသည်။

AA အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်တွင် မြို့အများစုကို တိုက်ခိုက်သိမ်းယူထားပြီး မောင်တောမြို့နယ်နှင့် ဂွမြို့နယ်တို့တွင်လည်း AA အဖွဲ့က တိုက်ပွဲများ ဆက်လက်ဖော်ဆောင်လျက်ရှိသည်။

AA အပါအဝင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အား အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂ ရက်တွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည်။

Most Read

Most Recent