အပ်ငွေအတိုးနှုန်းများကို ရှစ်ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးအပ်မည်ဟု ပုဂ္ဂလိကဘဏ်များ ကြေညာ

အပ်ငွေအတိုးနှုန်းများကို ရှစ်ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးအပ်မည်ဟု ပုဂ္ဂလိကဘဏ်များ ကြေညာ
Published 2 September 2024

အပ်ငွေအတိုးနှုန်းများကို ရှစ်ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးအပ်မည်ဟု ပုဂ္ဂလိကဘဏ်များက စက်တင်ဘာ ၁ ရက်တွင် စတင်ကြေညာသည်။

ရိုးမဘဏ်က အပ်ငွေအတိုးနှုန်းများမှာ Flexi ငွေစုဘဏ်အပ်ငွေအကောင့်တွင် ငွေစုအပ်နှံပါက အမြင့်ဆုံး အတိုးနှုန်း ၉ ဒသမ ၅၀ ရာခိုင်နှုန်း၊ Flexi ခေါ်ယူအပ်ငွေစာရင်းတွင် ငွေစုအပ်နှံပါက အမြင့်ဆုံးအတိုးနှုန်း ၈ ဒသမ ၅ဝရာခိုင်နှုန်း၊ Super စာရင်းသေအပ်ငွေအကောင့်တွင် ခုနစ်ရက်အပ်နှံပါက အမြင့်ဆုံးအတိုးနှုန်း  ၉ ဒသမ ၂၅ရာခိုင်နှုန်း၊ ၁၄ ရက်အပ်နှံပါက အမြင့်ဆုံးအတိုးနှုန်း ၉ ဒသမ ၇၅ ရာခိုင်နှုန်း၊ တစ်လအပ်နှံပါက အမြင့်ဆုံး အတိုးနှုန်း ၁၁ ဒသမ ၃ဝရာခိုင်နှုန်းအထိ၊ သုံးလအပ်နှံပါက အမြင့်ဆုံးအတိုးနှုန်း ၁၁ ဒသမ ၇၅ ရာခိုင်နှုန်း၊ တစ်နှစ်အပ်နှံပါက အမြင့်ဆုံးအတိုးနှုန်း  ၁၂ ရာခိုင်နှုန်းအထိရရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ကမ္ဘောဇဘဏ်ကလည်း Call Deposit ကို အတိုးနှုန်းရှစ်ရာခိုင်နှုန်း၊ Saving Deposit ကို အတိုးနှုန်း ၁၀ ရာခိုင်နှုန်း၊ Fix Deposit တစ်နှစ်အထိရှိပါက အတိုးနှုန်း ၁၂ ရာခိုင်နှုန်း၊ တစ်နှစ်အထက်ဖြစ်ပါက အတိုးနှုန်း ၁၂ ဒသမ ၅ ရာခိုင်နှုန်းအထိ ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

အလားတူ CB ဘဏ်ကလည်း Saving Deposit ကို အတိုးနှုန်း ၁၀ ရာခိုင်နှုန်း၊ Call Deposit ကိုအတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း၊ Fix Deposit ကိုအတိုးနှုန်း ၁၂ ဒသမ ၅ ရာခိုင်နှုန်း၊ ၁၅ ရက် Fix Deposit ကိုအတိုးနှုန်း ၁၀ ဒသမ ၇၅ ရာခိုင်နှုန်း၊ ရက် ၁၀၀ Fix Deposit ကိုအတိုးနှုန်း ၁၁ ဒသမ ၈၅ ရာခိုင်နှုန်းပေးမည်ဖြစ်ကြောင်း ကြေညာသည်။

အလားတူ အခြားသောပုဂ္ဂလိကဘဏ်များဖြစ်သည့် AGD၊ UAB၊ MAB၊ MCB၊ FPB၊ G Bank အစရှိသည့် ဘဏ်များကလည်း အတိုးနှုန်းများကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် သြဂုတ် ၁၄ ရက်တွင် အတိုးနှုန်းများကို တိုးမြှင့်သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ပြီးနောက်တွင် ပုဂ္ဂလိကဘဏ်များကလည်း အပ်ငွေအတိုးနှုန်းများကို တိုးမြှင့်လိုက်ခြင်းဖြစ်သည်။

ငွေကြေးဖောင်းပွမှုနှုန်းကို အထိုက်အလျောက်လျော့ကျစေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အတိုးနှုန်းအား လက်ရှိခုနစ်ရာခိုင်နှုန်းမှ ကိုးရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်လိုက်ပြီး ချေးငွေအားလုံးအတွက် ကောက်ခံနိုင်သည့် အများဆုံးအတိုးနှုန်းကို ၁၅ ရာခိုင်နှုန်း သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ် ၁၄ ရက်က ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှုနှုန်းကို အထိုက်အလျောက် လျော့ကျစေရန်၊ ပြည်သူများအနေဖြင့် ဘဏ်အပ်နှံငွေပေါ်မှ အတိုးဝင်ငွေပိုမိုရရှိစေရန်၊ ဘဏ်များ၏ချေးငွေထုတ်ချေးနိုင်မှု ပိုမိုလာပြီး စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဗဟိုဘဏ်အတိုးနှုန်း၊ ဘဏ်များက အပ်ငွေများအပေါ်ပေးသည့် အတိုးနှုန်းနှင့် ချေးငွေများအပေါ် ကောက်ခံနိုင်သည့်အတိုးနှုန်းများကို အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်လိုက် ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းတို့မှာ (က) ဗဟိုဘဏ်အတိုးနှုန်းအား လက်ရှိခုနစ်ရာခိုင်နှုန်းမှ ကိုးရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်သည်။ (ခ)ဘဏ်များက အပ်ငွေများအပေါ်ပေးရမည့် အနည်းဆုံးအတိုးနှုန်းကို ခုနစ်ရာခိုင်နှုန်းနှင့် ချေးငွေများ အားလုံးအတွက် ကောက်ခံနိုင်သည့် အများဆုံးအတိုးနှုန်းကို ၁၅ ရာခိုင်နှုန်း သတ်မှတ်သည်။ (ဂ) ဘဏ်များအနေဖြင့် မိမိတို့၏အမြတ်ရနိုင်စွမ်းနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲနိုင်မှုအရ အပ်ငွေနှင့် ချေးငွေအတိုးနှုန်းများကို ခုနစ်ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအတွင်း သတ်မှတ်ရန်ဖြစ်သည်။

နိုင်ငံတော်၏မူဝါဒအရ လက်ရှိထုတ်ချေးပေးလျက်ရှိသည့် အထူးချေးငွေများ၏ အတိုးနှုန်းများသည် ပြောင်းလဲမှုမရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုအတိုးနှုန်းပြင်ဆင်ချက်သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှစ၍ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရသည်။

Most Read

Most Recent