တရုတ်စစ်တပ်၏ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးနှင့် တွေ့ဆုံစဉ် ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ် အရေးတို့ကို အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ထည့်သွင်းဆွေးနွေး

တရုတ်စစ်တပ်၏ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးနှင့် တွေ့ဆုံစဉ် ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ် အရေးတို့ကို အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ထည့်သွင်းဆွေးနွေး
သြဂုတ် ၂၉ ရက်က ပေကျင်းမြို့ရှိ ပယီ အဆောက်အအုံ၌  ပြုလုပ်သည့် ဆွေးနွေးပွဲတွင် အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ခ်ဆူလီဗန် (ဝဲ-ဒုတိယ) နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌ ကျန်းယို့ရှာ (ယာ-ဒုတိယ)တို့ တွေ့ဆုံစဉ်(Photo:AFP)
သြဂုတ် ၂၉ ရက်က ပေကျင်းမြို့ရှိ ပယီ အဆောက်အအုံ၌  ပြုလုပ်သည့် ဆွေးနွေးပွဲတွင် အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ခ်ဆူလီဗန် (ဝဲ-ဒုတိယ) နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌ ကျန်းယို့ရှာ (ယာ-ဒုတိယ)တို့ တွေ့ဆုံစဉ်(Photo:AFP)
Published 31 August 2024

သြဂုတ် ၂၉ ရက်က အိမ်ဖြူတော် အမျိုးသားလုံခြုံရေး အကြံပေးဂျိတ်ခ်ဆူလီဗန်သည် တရုတ်စစ်တပ်၏ အဆင့်မြင့် တာဝန်ရှိသူတစ်ဦးနှင့် တွေ့ဆုံစဉ်အတွင်း ထိုင်ဝမ်ရေလက်ကြားနှင့် တောင်တရုတ်ပင်လယ်ဒေသ တည်ငြိမ်မှု၏ အရေးပါပုံနှင့်ပတ်သက်၍ ထုတ်ဖော်ဆွေးနွေးခဲ့ကြောင်း အမေရိကန်အစိုးရက ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်စစ်တပ် အဆင့်မြင့် တာဝန်ရှိသူတစ်ဦးနှင့် ကြုံတောင့်ကြုံခဲ သီးသန့်တွေ့ဆုံမှုအတွင်း စစ်ဘက်ဆိုင်ရာ တိုက်ရိုက်ဆွေးနွေးမှုများ ပိုမိုလုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်းလည်း အမေရိကန်က ဆိုသည်။

အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ခ်ဆူလီဗန်သည် သြဂုတ် ၂၇ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ မတိုင်မီတွင် ပေကျင်းသို့ ရောက်ရှိလာခဲ့ပြီး ၎င်းအား တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် နစ် ကိုးလပ်စ်ဘန်းစ်က ကြိုဆိုနှုတ်ဆက်ခဲ့သည်။

ယခုခရီးစဉ်သည် ၂၀၁၆ ခုနှစ်နောက်ပိုင်း အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးတစ်ဦး တရုတ်နိုင်ငံသို့ ပထမဆုံးလာရောက်ခြင်းဖြစ်သည်။ ဆူလီဗန်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် အခြားအဆင့် မြင့်တာဝန်ရှိသူများနှင့် သုံးရက်ကြာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

တရုတ်နှင့် အမေရိကန်၏ အဓိက မဟာမိတ်များဖြစ်သော ဂျပန်၊ ဖိလစ်ပိုင်တို့အကြား လုံခြုံရေးဆိုင်ရာ အငြင်းပွားမှုများ ဖြစ်ပွားနေစဉ် ယခုခရီးစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

သြဂုတ် ၂၉ ရက် နံနက်ပိုင်းက ပေကျင်းမြို့ရှိ ဗဟိုစစ်ကော်မရှင် ရုံးချုပ်၌ တရုတ်စစ်တပ်၏ ထိပ်တန်းအရာရှိတစ်ဦးဖြစ်သည့် ကျန်းယို့ရှာနှင့် တွေ့ဆုံခဲ့သည်။

“အခုလို အပြန်အလှန် ထိတွေ့ဆက်ဆံမှုမျိုးကို ရရှိခဲ့တာက ကြုံတောင့်ကြုံခဲ အခွင့်အရေးဖြစ်တယ်”ဟု ဆူလီဗန်က ကျန်းအား ပြောကြားခဲ့သည်။

“ကမ္ဘာကြီးရဲ့ အခြေအနေနဲ့ အမေရိကန် -တရုတ်ဆက်ဆံရေးကို တာဝန်သိသိ ကိုင်တွယ်စီမံဖို့ လိုအပ်နေတဲ့ အခြေအနေအရ ဒါဟာ အလွန်အရေးပါတဲ့ တွေ့ဆုံမှုဖြစ်တယ်လို့ မိမိယူဆတယ်”ဟုလည်း ၎င်းက ပြော ကြားသည်။

ကျန်းကလည်း ယခုခရီးစဉ်အတွက် ဆူလီဗန်အား ကျေးဇူးတင်ကြောင်း၊ ယခုတွေ့ဆုံမှုသည် စစ်ဘက်လုံခြုံရေးအပေါ် အမေရိကန်အစိုးရ၏ အလေးအနက်ထားမှုကို ထင်ထင်ရှားရှား ပြသနေကြောင်း ပြောကြားခဲ့သည်။

မကြာမီ ကာလအတွင်း နှစ်နိုင်ငံစစ်နယ်ဝန်း ကွပ်ကဲရေးမှူးများအကြား ဖုန်းပြောဆိုဆွေးနွေးမှု ပြုလုပ်ရန်လည်း ၎င်းတို့နှစ်ဦးက သဘောတူညီခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားဒေသ တည်ငြိမ်ရေးနှင့် တောင်တရုတ်ပင်လယ်၌ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် တို့၏ အရေးပါပုံကိုလည်း ဆူလီဗန်က ထည့်သွင်းဆွေးနွေးခဲ့သည်။

ရုရှား၏ စစ်လက်နက်ထုတ်လုပ်ရေး လုပ်ငန်းအား တရုတ်က အထောက်အပံ့ပေးနေသည့်အပေါ် စိုးရိမ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။

ဆိုက်ဘာနည်းပညာ နယ်ပယ်၌ အတွက်အချက်မှားယွင်းမှုနှင့် တင်းမာမှုမြင့် တက်မလာအောင် ရှောင်ကြဉ်ရန်၊ ဂါဇာဒေသ၌ အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ လွတ်မြောက်ရေးအတွက် ကြိုးပမ်းမှုများကိုလည်း ၎င်းက ဆွေးနွေးခဲ့သည်။

Ref:AFP

Most Read

Most Recent